စာသင်ကျောင်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး ရှင်းလင်းခံရ

စစ်ကိုင်းတိုင်း မုံရွာမြို့က စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးက ဖြတ်သန်းသွားလာနေတဲ့ ကားတွေကို အကြောင်းမဲ့ ငွေကောက်ခံနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ The Phoenix Army ရဲ့ ဒီကနေ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
မုံရွာမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရှုမဝလမ်းပေါ် ဖြတ်သန်းသွားလာနေတဲ့ ကားတွေကို အကြောင်းမဲ့ ငွေကြေးတောင်းခံနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“သူတို့က စာသင်ကျောင်းမှာ အထိုင်ချနေတာပါ၊ သူတို့လာပြီဆို ကားသမားတွေကို အကြောင်းမဲ့ ပိုက်ဆံကောက်တော့တာပဲ။ ကားဆရာက ပိုက်ဆံပေးနေတဲ့အချိန်မှာ ကျွန်တော်တို့ ဝင်ရောက်ရှင်းလင်းခဲ့တာပါ” လို့ The Phoenix Army က ရဲဘော် ရောင်နီက CJ Platform ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အ.ထ.က (၁) ကျောင်းဝန်းအတွင်း အထိုင်ချထားရာမှာ တစ်နှစ်ကျော်ရှိနေပြီလို့လည်း သိရပါတယ်။
The Phoenix Army ရဲ့ ထုတ်ပြန်ထားတဲ့ ရုပ်သံထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးက အရပ်ဝတ်နဲ့ ငွေကြေးကောက်ခံနေတာဖြစ်ပြီး ငွေတောင်းခံလို့ ပေးတဲ့ ကားဆရာနှစ်ဦး ပါဝင်သလို တစ်ဦးမှာ ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကာ နောက်တစ်ဦးမှာ ကားဆရာရဲ့ ဘေးနား ကြောက်အားလန့်အား ထိုင်ချကာ ကားသမားကို ပြေးကပ်နေတာကို တွေ့ရပါတယ်။
ဒါအပြင် ကားဆရာနား ပြေးကပ်ပြီး ကားဆရာကို အကာအကွယ်ယူခဲ့ပေမဲ့လည်း တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တာကို တွေ့မြင်ရပါတယ်။
ဒီတိုက်ခိုက်မှုကို The Phoenix Army၊ မုံရွာခရိုင် အမှတ် (၁၇) တပ်ရင်း တပ်ခွဲ (၃) MYF၊ မုံရွာခရိုင် အမှတ် (၁၅) တပ်ရင်း တပ်ခွဲ (၅) WMW တို့က ပူးတွဲ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပြီး တော်လှန်ရေးအင်အားစုတွေ အန္တရာယ်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပြီး ဆိုင်ကယ်တစ်စီး သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – The Phoenix Army