အငြိမ်းစား ပါမောက္ခတစ်ဦးကို သတ်ဖြတ်ခဲ့ကာ လက်ဝတ်ရတနာတွေနဲ့ ငွေတွေ လုသွားတယ်လို့ စွပ်စွဲခံရသူကို ဖမ်းဆီးရမိ

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်မှာ ဧပြီ ၂၅ရက်နေ့ မွန်းလွဲပိုင်းက အငြိမ်းစား ပါမေက္ခ တစ်ဦးဖြစ်သူ ဒေါက်တာထွေးထွေးကို သတ်ဖြတ်ကာ လက်ဝတ်ရတနာတွေနဲ့ ငွေတွေကို လုယူသွားခဲ့သူလို့ စွပ်စွဲခံရသူ အိမ်ခြံမြေပွဲစား အမျိုးသားတစ်ဦးကို ရှမ်းပြည် ဟဲဟိုးမြို့မှာ စစ်ကောင်စီကဖမ်းဆီးရမိတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာနဲ့ နှမ်းကြဲကျေးရွာအကြားရှိ အငြိမ်းစားပါမောက္ခ ဒေါ်ထွေးထွေးပိုင်ဆိုင်တဲ့ ခြံကွက်ကို ဧပြီလ ၂၅ ရက်နေ့ နေ့လယ် ၁၂နာရီခွဲခန့်က အရောင်းအဝယ်ပြုလုပ်ဖို့ ပြသစဉ် အရောင်းအဝယ်မတည့်လို့ စကားများရာကနေ လည်ပင်းညှစ်ပြီး အုတ်နီခဲနဲ့ ဦးခေါင်းကို ၂ ချက် ထုရိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တရားခံဖြစ်သူမှာ ကိုစိုင်းထွန်းနော်(ခ) ကိုစိုင်း(ခ) ငြိမ်းချမ်းဖြိုး(ခ) ကိုဖြိုး ဆိုသူဖြစ်ပြီး ရှမ်းပြည်တောင်ပိုင်း ဟဲဟိုးမြို့ရှိ တည်းခိုခန်းတစ်ခုမှာ လုယူသွားခဲ့တဲ့ မောင်းကွင်းရွှေလက်စွပ် ၁ ကွင်း၊ ကျောက်ပါရွှေထည်လက်စွပ် ၅ ကွင်း၊ ရွှေကလစ် ၁ ခု၊ ကျောက်ပါရွှေထည်လော့ကတ်သီး ၂ ခု၊ သံကြိုးပုံရွှေဆွဲကြိုး၁ ကုံး၊ ကျောက်ပါ ရွှေဆွဲကြိုး ၁ ကုံး၊ ကျောက်ပါရွှေလက်ကောက် ၁ ကွင်း၊ ရွှေကြယ်သီး ၅ လုံး၊ မြေကွက်အရောင်းအဝယ် စာချုပ်/စာရွက်စာတမ်း ၃၉ စောင်၊ Wave 110 ဆိုင်ကယ် ၁ စီး၊ ငွေ သိန်း ၂၀ ကျော်နဲ့ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
အသက် (၆၅)အရွယ် ဒေါက်တာထွေးထွေးဟာ ဧပြီလ ၂၅ ရက်နေ့က သေဆုံးခဲ့တာဖြစ်ပြီး ၂၇ ရက်နေ့မှာ ရုပ်အလောင်းကိုတွေ့ရှိခဲ့ပြီး ဧပြီ ၂၈ရက်နေ့က တောင်အင်းမြောက်အင်းသုဿန်မှာ သင်္ဂြိုဟ်ပြီးစီးခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
အငြိမ်းစားပါမောက္ခ ဒေါ်ထွေးထွေးကို သတ်ဖြတ်ပြီး သူစီးနင်းလာတဲ့ MDY-15 7G/xxxx Belta အမျိုးအစား မော်တော်ယာဉ်အတွင်းက ရွှေထည်ပစ္စည်းများနှင့် ငွေကျပ်သိန်း ၅၀ တို့အား ယူဆောင်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့သူ စွပ်စွဲခံရသူ ကိုစိုင်းထွန်းနော်(ခ) ကိုစိုင်း(ခ) ငြိမ်းချမ်းဖြိုး(ခ) ကိုဖြိုးကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့လို့ ဥပဒေနှင့်အညီ ထိရောက်စွာအပြစ်ပေးအရေးယူသွားမှာ ဖြစ်တယ်လို့ စစ်ကောင်စီ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – Pro-SAC