ခန့်အပ်ပြီး တရားသူကြီးတွေထဲ အဆက်အသွယ်မရတဲ့ တရားသူကြီး ၃၈ ဦးရှိတယ်လို့ NUG ဆို

Author CJ Platform
Categories
Published on May 02, 2025

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနေ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ စစ်ဘက် အရပ်ဘက် ခန့်အပ်ထားတဲ့ တရားသူကြီး တွေထဲ ၃၈ ဦးဟာ အကြောင်းအမျိုးမျိုးကြောင့် အဆက်အသွယ်မရရှိတော့ဘူးလို့ ဒီကနေ့ မေလ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

 

NUG က ခန့်အပ်ထားတဲ့ အရပ်ဘက်တရားသူကြီး ၁၄၉ ဦးရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ကျဆုံးခဲ့တာ၊ ဖမ်းဆီးခံရတာ၊ နုတ်ထွက်သွားသူတွေအပြင် အဆက်အသွယ်မရရှိတော့တဲ့သူတွေ ၃၈ ဦးရှိခဲ့တာကြောင့် တရားသူကြီး ၁၁၁ ဦးသာ တရားစီရင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလိုတော်လှန်ရေးကာလမှာ တရားဥပဒေစိုးမိုးရေးဟာ အရေးကြီးတဲ့ကဏ္ဍတစ်ရပ်ဖြစ်တဲ့အတွက် ကြားကာလ ပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှုကော်မတီအနေနဲ့ တရားဥပဒေစိုးမိုးဖို့နဲ့ တော်လှန်ရေးအောင်မြင်ဖို့ ဆက်လက်ကြိုးစားပေးကြဖို့ ကော်မတီဥက္ကဌဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး မန်းဝင်းခိုင်သန်းက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့မှာပြောဆိုခဲ့ပါတယ်။

 

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လေးနှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကနေ “အရပ်ဘက် တရားစီရင်ရေး နှင့် စစ်ဘက် တရားစီရင်ရေး ဆောင်ရွက်မှုများ”အဖြစ် သီးခြားဖော်ပြထားပြီး အရပ်ဘက်တရားစီရင်ရေးကို ၂၀၂၂ ခုနှစ် မေလ ၁၉ ရက်နေ့က စတင်ပြီး မြို့နယ်တရားရုံး ၁၅ ရုံး စတင်ထူထောင်ကာ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

 

စစ်ဘက် တရားစီရင်ရေးအရ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ အကျဉ်းစစ်တရားရုံး (၁၀)ရုံး၊ စစ် ခုံရုံး(၂)ရုံး ဖွဲ့စည်းပြီး စစ်ရေးဆိုင်ရာပြစ်မှု(၁၂)မှုကို စစ်ဆေးဆောင်ရွက်လျက်ရှိတဲ့အပြင် စီမံခန့်ခွဲမှု နည်းလမ်းအရလည်း အပြစ်ကျူးလွန်သူ (၅၈) ဦးကို အရေးယူ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

 

နွေဦးတော်လှန်ရေးကာလအတွင်း အချင်းချင်းဖြစ်ပွားတဲ့ ပြသနာတွေကို ဖြေရှင်းရာမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ် ဩဂုတ် ၁၄ ရက်နေ့မှာ ပြုလုပ်တဲ့ မြို့နယ်တရားရုံးတွေက တရားသူကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာ ပြောကြားခဲ့ပါတယ်။

 

အရက်ဘက်တရားစီရင်ရေးအတွက် ၂၀၂၄ ခုနှစ် နှစ်ကုန်အထိ မြို့နယ်အဆင့်တရားရုံး(၃၁)ရုံး၊ ကြားကာလအယူခံတရားရုံး (၁) ရုံးတို့ကို ဖွဲ့စည်းနိုင်ခဲ့ပြီး အမျိုးသားတရားသူကြီး (၁၀၀) ဦးနဲ့ အမျိုးသမီးတရားသူကြီး (၄၉) ဦး စုစုပေါင်းတရားသူကြီး ဦးရေ (၁၄၉) ဦးကို ခန့်အပ်ထားတာဖြစ်တယ်လို့ NUG ကဆိုပါတယ်။

 

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကဖွင့်လှစ်ထားတဲ့ မြို့နယ်အဆင့်တရားရုံး ၃၁ ရုံးရှိတဲ့အနက် မြို့နယ်တရားရုံး ၂၉ ရုံးသာ မြေပြင်တရားစီရင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ခဲ့ပြီး မြို့နယ်တရားရုံး ၂ရုံးကတော့ ဆောင်ရွက်နိုင်တာမရှိဘူး လို့ သိရပါတယ်။

 

ဒါ့အပြင် မြို့နယ်တရားရုံးတွေနဲ့ အညီ မြို့နယ်ဥပဒေရုံးကိုလည်း ၃၁ ရုံးဖွင့်လှစ်ထားပြီး ဥပဒေအကြံပေးနဲ့ အမှုလိုက်ပါ ဆောင်ရွက်နိုင်ဖို့ မြို့နယ်ဥပဒေတာဝန်ခံ (၁၈)ဦး၊ ဒုတိယမြို့နယ်ဥပဒေတာဝန်ခံ (၂၀)ဦး၊ တွဲဖက် ဥပဒေတာဝန်ခံ (၂)ဦး၊ စုစုပေါင်း ဥပဒေတာဝန်ခံ (၄၀)ဦးကို ခန့်အပ်တာဝန်ပေးအပ်ထားတယ်လို့ အစီရင်ခံစာထဲပါရှိပါတယ်။

Related News

Depend on news