ဆောမြို့နယ်က အညာကတင်းရွာကို လေကြောင်း တိုက်ခိုက်လို့ ကလေးငယ်တစ်ဦးအပါအဝင် ၄ ဦး သေဆုံး

Author CJ Platform
Categories
Published on May 02, 2025

မကွေးတိုင်း၊ ဆောမြို့နယ်၊ အညာကတင်းကျေးရွာကို  မေလ ၁ ရက်နေ့၊ မနက် ၁၀ နာရီ၊ ၅၀ မိနစ်ဝန်းကျင်မှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တစ်ဦးအပါဝင် အမျိုးသမီး ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

အညာကတင်းကျေးရွာမှာ ဒီနေ့မနက် မည်သည့်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ တံတားဦး လေတပ်မှ ဂျက်ဖိုက်တာတစ်စီးနဲ့ ပေါင်၂၅၀ ဗုံးသီးနှစ်လုံးနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတွေ သေဆုံးခဲ့တာဖြစ်ပါတယ်။

 

“ရွာထဲက စာသင်ကျောင်းအနီးပတ်ဝန်းကျင်မှာ ဗုံးသီးနှစ်လုံးလောက် ကြဲချသွားပါတယ်။ အဲအနီးနာမှာရှိတဲ့ နေအိမ်တွေက အရပ်သားတွေ ဗုံးသီးထိမှန်လို့ ပွဲချင်းပြီး သေဆုံးကြတယ်။ ကလေးတစ်ယောက်ကျတော့ ဆေးခန်း ပို့ဆောင်ရင်း ပြင်းထန်ဒဏ်ရာနဲ့ ဆုံးသွားတယ်။”လို့ အခင်းဖြစ်တဲ့နေရာကို သွားရောက်ကြည့်ရှုခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် ဆောမြို့နယ်ဒေသခံတစ်ဦးအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

သေဆုံးသူတွေဟာ အညာကတင်းကျေးရွာက အသက် ၆၅ နှစ်အရွယ် ဒေါ်မကြည်လေး၊ အသက် ၅၂ နှစ်အရွယ် ဒေါ်တင်တင်ခိုင် အသက်၊ အသက် ၃၈ နှစ်အရွယ် ဒေါ်ပြားသာနဲ့ အသက် ၈နှစ်အရွယ် မိန်းကလေးငယ်တို့ဖြစ်ပါတယ်။

 

ဒါ့အပြင် ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ကျေးရွာစာသင်ကျောင်း တစ်ဆောင်အပါအဝင် အရပ်သား လူနေအိမ် ၅ လုံးထက်မနည်း ပျက်စီးသွားပါတယ်။

 

ဒီနေ့မနက် စစ်ကောင်စီ လေကြောင်း ဗုံးကြဲတိုက်ခိုက်သွားတဲ့ အညာကတင်းကျေးရွာမှာ စစ်ရေးနဲ့ပတ်သက်လို့ မည်သည့်လှုပ်ရှားမှုတွေ၊ ပြင်ဆင်ဆောင်ရွက်တာတွေ မရှိဘူးလို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပြောဆိုပါတယ်။

 

“အညာကတင်းကျေးရွာမှာ ဒီမနက် လေကြောင်း တိုက်ခိုက်လို့ အရပ်သားတွေ ထိခိုက်သေဆုံးတယ်ဆိုပြီး မြေပြင်က ပြောပြလာတဲ့အတွက် သတင်းက ကြားရပါတယ်။ အဲရွာမှာ ကျွန်တော်တို့အနေနဲ့ စစ်ရေးပြင်ဆင်တာတွေ၊ လှုပ်ရှားတာမရှိဘူး။ ဒါကို စစ်ကောင်စီက အရပ်သားတွေနေထိုင်တဲ့ ရွာကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်သွားတာ ဖြစ်ပါတယ်။”လို့ ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းမှူးအဆင့်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ယောဒေသမှာ စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်ပဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်လာတာကြောင့် ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေ တူးထားဖို့ သူက တိုက်တွန်းထားပါတယ်။

 

စစ်တပ်အာဏာသိမ်းပြီး နိုင်ငံတစ်ဝှမ်း စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုအပါအဝင် သတ်ဖြတ်မှုကြောင့် အရပ်သား ၆,၅၈၉ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့ ဧပြီလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

 

ဓာတ်ပုံ – ပေးပို့