“ကမ္ဘာ့ရွှေဈေးကျလာသလို မြန်မာ့ရွှေဈေးနည်းငယ်ကျ”

“ဒီတစ်ပတ် ရွှေစျေး အတက်အကျ” (ဖေဖော်ဝါရီ ၂၃ ရက်ကနေ မတ်လ ၁ ရက်နေ့အထိ)
ဒီတစ်ပတ်ထဲ ကမ္ဘာရွှေဈေးနှုန်းတွေ ကျဆင်းလာတာကို တွေ့ရသလို မြန်မာရွှေဈေးကွက်မှာလည်း ဒီတစ်ပတ်ထဲ အပြောင်းအလဲ အချို့ဖြစ်ခဲ့ပြီး ရှစ်သောင်းဝန်းကျင် ကျဆင်းသွားပေမဲ့ အမြင့်ဈေးမှာ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
ပြင်ပရွှေဈေးနှုန်းတွေဟာ ဒီနှစ်ထဲအမြင့်ဘက်ကို ရောက်ရှိနေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအစမှာ ၆၅ သိန်းနီးပါး ရှိရာကနေ လကုန်ပိုင်းမှာတော့ ၆၆ သိန်းနဲ့ ဈေးကွက်ပိတ်ခဲ့တာကြောင့် တစ်လ အတွင်း တစ်သိန်းကျပ်မြင့်တက်သွားတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
ဒီတစ်ပတ်ထဲ အမြင့်ဆုံးအနေနဲ့ ဖေဖော်ဝါရီ ၂၅ အင်္ဂါနေ့မှာ ၁၆ ပဲရည်တစ်ကျပ်သား ၆၇ သိန်း ၄ သောင်း အထိမြင့်တက်ခဲ့ပြီး အနိမ့်ဆုံးအနေနဲ့ ဖေဖော်ဝါရီလရဲ့ နောက်ဆုံးရက် ၂၈ ရက်နေ့မှာ ၆၆ သိန်းနဲ့ ဈေးကွက်ပိတ်ခဲ့တာပါ။
ဒါပေမဲ့ မတ်လ ၁ ရက်နေ့ ဒီတစ်ပတ်ရဲ့ စနေနေ့ ဈေးကွက်ပိတ်ချိန်မှာတော့ တစ်သောင်းကျပ် မြင့်တက်သွားပြီး ၁၆ ပဲရည်တစ်ကျပ်သားကို ၆၆ သိန်း တစ်သောင်းကျပ်နဲ့ ဈေးကွက်ပိတ်သွား ခဲ့ပါတယ်။
ဒီတစ်ပတ်ရဲ့ ရွှေဈေးကွက်အစမှာ အတက်ဘက်မှာသာရှိနေခဲ့ပေမဲ့ ကမ္ဘာရွှေဈေးနှုန်း ကျဆင်းသွားပြီးနောက် ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ မြန်မာ့ရွှေဈေးနှုန်း စတင်ကျဆင်းလာခဲ့ပြီး နောက်တစ်နေ့ ၂၈ ရက်နေ့ သောကြာနေ့မှာတော့ အကျဈေးတွေနဲ့ အပြောင်းအလဲဖြစ်ခဲ့တာကို တွေ့ရပါတယ်။
တစ်ပတ်လုံးအတိုင်းအတာအရ အကယ်ဒမီ မီးလင်းရွှေ ၁၆ ပဲရည်တစ်ကျပ်သားကို ရှစ်သောင်းကျပ် ကျဆင်းသွားတာကို တွေ့ရှိရပြီး စစ်ကောင်စီဩဇာခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA)ရဲ့ ရည်ညွှန်းရွှေဈေးနှုန်းလည်း တစ်ကျပ်သားကို ငါးသောင်းကျပ် ကျဆင်းသွားတာကို တွေ့ရပါတယ်။
ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ရွှေဈေးနှုန်းတွေ မြင့်တက်နေရာက ဒီတစ်ပတ်ရဲ့ ဗုဒ္ဓဟူးနေ့ကစတင်ကာ ကျဆင်းလာခဲ့ပြီး စနေနေ့ ဈေးကွက်ပိတ်ချိန်မှာတော့ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၂၈၅၇ ကျော်နဲ့ ဈေးကွက်ပိတ်ခဲ့လို့ အရင်အပတ်နဲ့ နှိုင်းယှဉ်ပါက တစ်အောင်စကို အမေရိကန်ဒေါ်လာ ၇၈ ဒေါ်လာ ကျဆင်းသွားတာပဲ ဖြစ်ပါတယ်။
စနေနေ့ ရွှေဈေးနှုန်းတွေကတော့ အကယ်ဒမီမီးလင်းရွှေ ၁၅ ပဲရည်တစ်ကျပ်သား ၆၂ သိန်း နှစ်သောင်း၊ ၁၆ ပဲရည်တစ်ကျပ်သား ၆၆ သိန်း တစ်သောင်းရှိခဲ့ပြီး YGEA ရည်ညွှန်းဈေးကတော့ ၁၆ ပဲရည်တစ်ကျပ်သား ၅၄ သိန်း ငါးသောင်း ကျပ်ဈေးဖြစ်ပါတယ်။