“ထပ်ပြီးကျလာတဲ့ နိုင်ငံခြားငွေဈေး” “ဒီတစ်ပတ် ကျပ်ငွေအပြောင်းအလဲ” (ဖေဖော်ဝါရီ ၂၃ ရက်ကနေ မတ်လ ၁  ရက်နေ့အထိ)

Published on Mar 02, 2025

ဒီတစ်ပတ်မှာတော့ နိုင်ငံခြားငွေဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ အပါအဝင် အခြား နိုင်ငံခြားငွေဈေးနှုန်းတွေ ပြီးခဲ့တဲ့အပတ်ကလို အနည်းငယ်စီ ကျဆင်းလာတာကို တွေ့ရပါတယ်။

 

စစ်ကောင်စီဗဟိုဘဏ်ရဲ့ အွန်လိုင်းနိုင်ငံခြားငွေဈေးကွက်(FX)ကနေ ဒီတစ်ပတ်ထဲ ကန်ဒေါ်လာ ၂ ဒသမ ၃ သန်း၊ တရုတ်ယွမ်ငွေ တစ်သန်းကျော်နဲ့ ထိုင်းဘတ် ၁၅ ဒသမ ၄ သန်းကျော်ရောင်းချပေး ခဲ့တာကို တွေ့ရပါတယ်။

 

အဲဒီလိုရောင်းချပေးရာမှာ တနင်္လာနေ့မှာ တရုတ်ယွမ် ၅ သိန်းကျော်နဲ့ ထိုင်းဘတ် ၂ သန်းကျော် အင်္ဂါနေ့မှာ တရုတ်ယွမ် ၄ သိန်းကျော်ရောင်းချခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာတော့ ကန်ဒေါ်လာ ၂ ဒသမ ၃ သန်း၊ တရုတ်ယွမ် သုံးသိန်းခွဲနီးပါနဲ့ ထိုင်းဘတ် ၁၅ ဒသမ ၁ သန်းကျော် ရောင်းချခဲ့သလို သောကြာနေ့မှာလည်း ထိုင်းဘတ် ၁ သန်းရောင်းချပေးခဲ့ပါတယ်။

 

အမေရိကန်ဒေါ်လာကိုတော့ ပြီးခဲ့တဲ့ ၂၀ ရက်နေ့နဲ့ ဈေးကွက်ပိတ်ချိန် ၂၁ ရက်နေ့တို့မှာ ကန်ဒေါ်လာ သန်း ၂၀ နဲ့ ၅သောင်း  စစ်ကောင်စီဗဟိုဘဏ်ရဲ့ အွန်လိုင်းနိုင်ငံခြားငွေဈေးကွက်(FX)ကနေ ရောင်းချပေးခဲ့တဲ့အပြင် တရုတ်ယွမ် ၆ သိန်း ၃ သောင်းကျော်နဲ့ ထိုင်းဘတ် ၉ သိန်း ၁ သောင်းကျော်ကို ရောင်းချပေးခဲ့ပါတယ်။

 

ဒီတစ်ပတ်ငွေကြေးဈေးကွက်ထဲ အရင်အပတ်နဲ့နှိုင်းယှဉ်ပါက ကန်တစ်ဒေါ်လာကို ၃၀ ကျပ်၊ ဥရောပတစ်ယူရိုကို ၃၅ ကျပ်၊ စင်္ကာပူ တစ်ဒေါ်လာကို ၅၅ ကျပ်၊ ထိုင်းတစ်ဘတ်ကို ၃ ကျပ်၊ မလေးရှား တစ်ရင်းဂစ်ကို ၁၀ ကျပ်နဲ့ တရုတ်တစ်ယွမ်ကို ၂ ကျပ် ကျဆင်းသွားခဲ့တာကို တွေ့ရပါတယ်။

 

စနေနေ့  နိုင်ငံခြားငွေကြေးဈေးနှုန်းတွေကတော့ အမေရိကန်တစ်ဒေါ်လာ ၄၄၅၀ ကျပ်၊ ဥရောပတစ်ယူရို ၄၆၁၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာ ၃၃၁၅ ကျပ်၊ ထိုင်းတစ်ဘတ် ၁၃၀ ကျပ်နီးပါး၊ ဂျပန်တစ်ယမ်း ၂၉ ကျပ်ကျော်၊ မလေးရှားတစ်ရင်းဂစ် ၁၀၁၀ ကျပ်၊ တရုတ်တစ်ယွမ် ၆၁၀ ကျပ်၊ ကိုရီးယားတစ်ဝမ် ၃ ကျပ်ကျော်နဲ့ အိန္ဒိယ တစ်ရူပီး ၅၀ ကျပ်ကျော်ဈေးရှိတယ်လို့ သိရပါတယ်။

Related News

Depend on news