ဒီတစ်ပတ် ကမ္ဘာကြီး ဘာထူးလဲ ( ဇန်နဝါရီ ၂၆ ရက်နေ့မှ ဖေဖေါ်ဝါရီ ၁ရက်နေ့ထိ)
ဒီတစ်ပတ် (ဇန်နဝါရီ ၂၆ ရက်နေ့မှ ဖေဖေါ်ဝါရီ ၁ ရက်နေ့အထိ) အမေရိကန်မှာ လေယာဉ်မတော်တဆမှုတွေနဲ့ ဆီးရီးယား တော်လှန်ရေးခေါင်းဆောင် အာမက်အယ်လ်ရှာရာကို အသွင်ကူးပြောင်းရေးကာလ သမ္မတအဖြစ် ခန့်အပ်လိုက်တဲ့ သတင်းတွေက ကမ္ဘာ့ထိပ်တန်း သတင်းတွေ ဖြစ်ခဲ့ပါတယ်။ ဒီသတင်းအကြောင်းအရာတွေကို အနှစ်ချုပ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
****************************************
“အမေရိကန်မှာ လေယာဉ် မတော်မဆမှုတွေ ဖြစ်နေတာကြောင့် လူသေဆုံးမှုတွေများလာ”
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့က ရေဂင်ဝါရှင်တန်လေဆိပ်နားမှာ ဇန်နဝါရီ ၂၉ ရက်နေ့၊ ဗုဒ္ဓဟူးနေ့က အမေရိကန်လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်နဲ့ အမေရိကန်စစ်တပ်ပိုင် ရဟတ်ယာဉ်တို့ လေထဲမှာ တိုက်မိပြီး ပိုတိုးမက်မြစ်ထဲကို ပျက်ကျသွားခဲ့ပါတယ်။
ဒီအဖြစ်အပျက်မှာ ခရီးသည်လေယာဉ်ပေါ် လိုက်ပါလာတဲ့ လူအားလုံး သေဆုံးခဲ့ရသလို စစ်ရဟတ်ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ စစ်သားတွေလည်း သေဆုံးခဲ့ရပါတယ်။ လေထဲမှာ တိုက်မိတဲ့ ဒီအဖြစ်အပျက်မှာ စုစုပေါင်း သေဆုံးသူ ၆၇ ဦးရှိခဲ့ပြီး အသက်ရှင်ကျန်သူ မရှိခဲ့ပါဘူး။ သေဆုံးသူတွေထဲက ရုပ်အလောင်း ၄၁လောင်းကိုတော့ ဆယ်ယူရရှိထားပြီ ဖြစ်တယ်လို့ ဝါရှင်တန်ဒီစီရဲ့ မီးသတ်တပ်ဖွဲ့က ပြီးခဲ့တဲ့ သောကြာနေ့က အသိပေးထားပါတယ်။
ခရီးသည်တင် လေယာဉ်နဲ့ စစ်ရဟတ်ယာဉ်တို့ရဲ့ Black Box လို့ ခေါ်တဲ့ လေယာဉ် ပျံသန်းမှု မှတ်တမ်းတွေကိုတော့ ပြန်လည် ရှာဖွေတွေ့ရှိထားပြီလို့ အာဏာပိုင်တွေက အသိပေးထားပါတယ်။
အခုလေယာဉ်တိုက်မိတဲ့ ဖြစ်စဉ်အပြီးမှာ လေဆိပ်အနီး ရဟတ်ယာဉ်ပျံသန်းမှုတွေကို ကန့်သတ်ထားလိုက်ပြီဖြစ်တယ်လို့ အမေရိကန် အာဏာပိုင်တွေက ပြီးခဲ့တဲ့ သောကြာနေ့မှာ အသိပေးထားပါတယ်။
ဒီလေယာဉ်တိုက်မှု ဖြစ်စဉ်အပြီး သုံးရက်မြောက် သောကြာနေ့မှာပဲ ကလေး ၁ ဦးနဲ့ လူ ၅ ဦးကို သယ်ဆောင်လာတဲ့ လေကြောင်းအရေးပေါ် လူနာတင် လေယာဉ် တစ်စင်းဟာ အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ်မှာ ပျက်ကျခဲ့ပြန်ပါတယ်။
ဒေသတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်အရ ဖီလာဒဲဖီးယား အရှေ့မြောက်မှာရှိတဲ့ ရိုဆယ်ဗယ်ဈေးအနီးမှာ လေယာဉ်ဟာ ပျက်ကျခဲ့တာဖြစ်ပြီး မြေပြင်မှာလည်း ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
နောက်ဆုံးရ သတင်းအချက်အလက်တွေအရ လေယာဉ်ပေါ်လိုက်ပါလာတဲ့သူတွေဟာ အသက်ရှင်၊ မရှင်ကို မသိရသေးသလို အတည်ပြုလို့လည်း မရသေးဘူးလို့ လေယာဉ် ကုမ္ပဏီဘက်က ထုတ်ပြန်အသိပေးထားတယ်လို့ ဆိုပါတယ်။ အဲဒီ လေယာဉ်ပေါ်မှာ လေယာဉ် အမှုထမ်း လေးဦး၊ ကလေး လူနာ တစ်ဦးနဲ့ လူနာစောင့် တစ်ဦး လိုက်ပါ စီးနင်းလာတာဖြစ်ပါတယ်။
လေကြောင်းအရေးပေါ် လူနာတင်ယာဉ်တွေကို အများအားဖြင့် အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေတွေမှာ အသုံးပြုကြပေမဲ့ အခုတော့ မတော်တမှုကြောင့် လေယာဉ်ပေါ် ပါလာတဲ့ ကလေးလူနာနဲ့ တခြားလိုက်ပါသူတွေဟာ အသက်သေသလား၊ ရှင်သလားဆိုတာတောင် မသိရှိရတဲ့ အခြေအနေ ဖြစ်နေပါတယ်။
****************************************
ဆီးရီးယား တော်လှန်ရေးခေါင်းဆောင် အာမက်အယ်လ်ရှာရာကို အသွင်ကူးပြောင်းရေးကာလ သမ္မတအဖြစ် ခန့်အပ်
ဆီးရီးယားဘက်မှာတော့ တော်လှန်ရေးရဲ့ အသီးအပွင့်တွေကို တော်လှန်သူတွေ ခံစားနေရပြီလို့ ဆိုရမှာပါ။ အာဆတ်အစိုးရကို ဖြုတ်ချခဲ့တဲ့ ဆီးရီးယား တော်လှန်ရေးခေါင်းဆောင် အာမက်အယ်လ်ရှာရာကို အသွင်ကူးပြောင်းရေးကာလ သမ္မတအဖြစ် ခန့်အပ်လိုက်ပါတယ်။
သူ့ကို အသွင်ကူးပြောင်းရေးကာလအတွင်း ယာယီဥပဒေပြုကောင်စီတစ်ရပ်ကို ဖွဲ့စည်းဖို့ လုပ်ပိုင်ခွင့် ပေးထားသလို အဲဒီကောင်စီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် တစ်ရပ် ပြဋ္ဌာန်းပြီးတဲ့အထိ တာဝန်ယူသွားမှာ ဖြစ်တယ်လို့လည်း နိုင်ငံတကာသတင်းတွေက ဆိုပါတယ်။
ဆီးရီးယားအစိုးရသစ် လက်ထက်မှာ နိုင်ငံအတွင်း လက်နက်ကိုင် အစုအဖွဲ့တွေကို ဖျက်သိမ်းသွားဖို့လည်း ဆုံးဖြတ်ထားပါတယ်။ အသွင်ကူးပြောင်းရေးကာလ သမ္မတသစ် ရှာရာကတော့ တရားမျှတမှုနဲ့ အရပ်ဘက်ငြိမ်းချမ်းရေးကို ထိန်းသိမ်းသွားမှာဖြစ်ပြီး လက်စားချေမှု ပုံစံတွေကနေ ကာကွယ်ပေးရမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။
သမ္မတသစ် ရှာရာဟာ နိုင်ငံအတွင်း သက်ဆိုင်သူ အားလုံးပါဝင်တဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုကို အသက်သွင်းဖို့ လိုလားကြောင်း အကြိမ်ကြိမ် အသိပေးထားသလို ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက်လည်း အာရုံစိုက်နေပါတယ်။
ဒါပေမဲ့ ဒီလုပ်ငန်းစဉ်တွေဟာ လေးနှစ်လောက်အထိ ကြာမြင့်မှာဖြစ်တာကြောင့် တော်လှန်ရေးနဲ့အတူ အာဆတ်အစိုးရဖြုတ်ချနိုင်ခဲ့တဲ့ ရှာရာအနေနဲ့ သမ္မတဖြစ်လာတဲ့အခါမှာလည်း ဆီးရီးယားနိုင်ငံကို ဘယ်လို ကယ်တင်သွားမလဲဆိုတဲ့ အချက်က ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။