“ကျွန်တော်တို့ကို မင်းတို့ ခံပစ် ခံပစ်ဆိုပြီးပြောတယ်။ နောက်လှည့်ကြည့်တော့ သူ(ဗိုလ်မှူး)က မရှိတော့ဘူး။”
ဒီနှစ် ၂၀၂၄၊ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ကရင်နီ(ကယား)ပြည်၊ လွိုင်ကော်မြို့အနီးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ဖမ်းဆီးရမိထားတဲ့ သုံ့ပန်းတွေထဲက တပ်သားသုံးဦးကို ကရင်နီအမျိုးသားများတပ်မတော်(KNDF)က မေးမြန်းခဲ့မှုထဲက ခလရ-၈၀ က တပ်သား ဇော်လင်းဖြိုးပြောကြားထားတာတွေကို ကောက်နုတ်ဖော်ပြအပ်ပါတယ်။
****************************************
တပ်သား ဇော်လင်းဖြိုး
ကျွန်တော်မကျေနပ်တာတော့ ဗိုလ်မှူးတစ်ယောက်ကို လုံးဝမကျေနပ်တာ။ သူခေါင်းဆောင်တစ်ယောက်၊ သူက စထွက်လာကတည်းက ဘယ်လိုအခက်အခဲပဲရှိနေပါစေ။ ငါမင်းတို့ရှေ့မှာရှိမယ်။ တကယ့်တကယ်လည်း အစ်ကိုတို့(KNDF)ဘက်ကလူတွေလည်း လာလည်းလာရော ဘယ်သူ့မှကိုမသိလိုက်ဘူး။ နောက်ကိုဆုတ်သွားတာ။ သုံးယောက်စလုံး။ ကျွန်တော်တို့ဘက်မှာရှိတာဆိုလို့ ဗိုလ်ကြီးတစ်ယောက်ပဲရှိတယ်။ ဗိုလ်ကြီးကတော့ တိုက်ပွဲကျသွားပြီ။ ကျွန်တော်တို့နဲ့အတူတူပဲ။ အဲဒီမှာ မသေတဲ့သူကတော့ ၁၅၊ ၂၀ လောက်တော့ရှိမယ်။
မနေ့(နိုဝင်ဘာ ၂၆ ရက်)ကဖြစ်တဲ့ကိစ္စက သူ(ဗိုလ်မှူး)မပေးသင့်တဲ့အမိန့်လေ။ သူကျတော့ နောက်ဆုတ်တယ်။ ကျန်တဲ့လက်အောက်ငယ်သားတွေကျတော့ မင်းတို့တွေ တစ်ကောင်မှနောက်မဆုတ်နဲ့ ခံပစ် ခံပစ်ဆိုပြီးတော့ သူ့ပါးစပ်က ပြောတယ်။ ကျွန်တော်တို့ကလည်း ကိုယ့်ရဲ့အထက်အရာရှိဆိုတော့ ကိုယ်ကလည်း ပြန်မပြောရဲဘူး။ သူသေမှာကျတော့ ကြောက်တယ်။ မဆုတ်ခိုင်းဘူး။ ကျွန်တော်တို့ကို မင်းတို့ ခံပစ် ခံပစ်ဆိုပြီးပြောတယ်။ နောက်လှည့်ကြည့်တော့ သူကမရှိတော့ဘူး။ အဲဒီဗိုလ်မှူးကလည်း တစ်ခါတလေကျရင် ဆေးသုံးတယ်။
ဓာတ်ပုံ – KNDF