လေဖိအားနည်းရပ်ဝန်းကြောင့် ရှမ်း၊ ကရင်နီနဲ့ ဧရာဝတီတို့မှာ လာမယ့်အပတ်ထဲ မိုးများနိုင်
ဘင်္ဂလားပင်လယ်အော်မှာ နိုဝင်ဘာလဆန်းပိုင်းအတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။
ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနဲ့ အနောက်အလယ်ပိုင်းတို့ကနေ လာမယ့် လေပွေလှိုင်းတွေကတစ်ဆင့် လေဖိအားနည်းရပ်ဝန်းဖြစ်မှာလို့ သူက ခန့်မှန်းထားတာပါ။
ဒါကြောင့် နိုဝင်ဘာ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ ရှမ်းပြည်၊ ကရင်နီပြည်နဲ့ ဧရာဝတီတိုင်းတွေအတွင်း မိုးများနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်ရဲ့ ဒီကနေ့ နေ့လယ်ပိုင်း ခန့်မှန်းထားချက်အရ သိရပါတယ်။
အဲဒီလေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းဖြစ်လာနိုင်ခြေရှိမရှိကိုတော့ လေပွေလှိုင်းစဖြစ်လာနိုင်တဲ့ နိုဝင်ဘာ ၆ ရက်နေ့မှာ စောင့်ကြည့်ရမယ်လို့ သူက ပြောပါတယ်။
ဒါကြောင့် တာချီလိတ်၊ တောင်ကြီးနဲ့ လားရှိုးမြို့တွေအပြင် ရှမ်းပြည်တစ်ခုလုံးမှာ နိုဝင်ဘာ ၆ ရက်နဲ့ ၇ ရက်နေ့အတွင်း မိုးရေချိန် တစ်လက်မခွဲလောက် ရွာသွန်းနိုင်ပေမဲ့ စက်တင်ဘာရေဘေးတုန်းက မိုးရေချိန်ထက်တော့ အလွန်လျော့နည်းမှာဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒါ့အပြင် ကရင်နီနဲ့ ဧရာဝတီတိုင်းတို့မှာတော့ နိုဝင်ဘာလ ၇ ရက်နေ့ တစ်ရက်တည်းတင် မိုးရေချိန် နှစ်လက်မနီးပါးအထိ ရွာသွန်းနိုင်တယ်လို့ ဆိုထားပါတယ်။
အဲဒီလိုမိုးရွာသွန်းနိုင်တာကြောင့် မရိတ်သိမ်းရသေးတဲ့စပါးခင်းတွေနဲ့ အမိုးအကာအောက် မရောက်သေးတဲ့ ရိတ်သိမ်းပြီးစပါးတွေအတွက် စိုးရိမ်စရာဖြစ်တယ်လို့ သတိပေးထားပါတယ်။
မြန်မာ့ပင်လယ်ပြင် ကမ်းနီးပင်လယ်ပြင်တွေမှာတော့ နိုဝင်ဘာလ ဒုတိယပတ်ကုန်အထိ လေတိုက်နှုန်း တစ်နာရီကို ၁၅ မိုင်ကနေ ၂၅ မိုင်လောက်ပဲရှိနိုင်ပြီး လှိုင်းအမြင့်ကလည်း နှစ်ပေကနေ ငါးပေလောက်ပဲရှိနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။
ဓာတ်ပုံ – U Win Naing’s Facebook