အင်အား ၅၀၀ လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်း ချောက်မြို့က ရွာတွေကို ဝင်စီးပြီးနောက် ရွာဆယ်ခုကျော်က ဒေသခံတွေ စစ်ရှောင်နေရ လေကြောင်းဗုံးကြဲမှုကြောင့် နှစ်ယောက်သေဆုံး
မကွေးတိုင်း၊ ချောက်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကျေးရွာ ၁၀ ခုကျော်က ဒေသခံတွေ စစ်ရှောင်နေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
အင်အား ၅၀၀ လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းက ပြီးခဲ့တဲ့အောက်တိုဘာလ ၂၅ ရက်ကနေ ၂၈ ရက်အထိ စစ်ကြောင်းထိုးခဲ့တဲ့အတွက် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ Chauk Revolution Army မှ တာ၀န်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“လောလောဆယ်တော့ တိုက်ပွဲတွေ မရှိတော့ပါဘူး။ မီးဘေးသင့်နဲ့ စစ်ဘေးရှောင်တွေကို ကူညီနေပါတယ်ဗျ” လို့ သူက ပြောပါတယ်။
ချောက်မြို့နယ် ထိန်စမ်းရွာ၊ ကတိုင်တောင်ရွာ၊ ကတိုင်မြောက်ရွာ၊ ကံသစ်ကုန်းရွာ၊ နရွဲတောရွာနဲ့ ရွာမရွာတွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီ စစ်ကြောင်းထိုးချိန်မှာ လေကြောင်းနဲ့ပစ်ခတ်တာ၊ လူနေအိမ်တွေကို မီးရှို့တာတွေကြောင့် အိမ်အလုံး ၆၀ လောက်ပျက်စီးခဲ့တယ်လို့ ချောက်တော်လှန်ရေးတပ်(CRA) ဆီကနေ သိရပါတယ်။
“ပျက်စီးဆုံးရှုံးမှုတန်ဖိုး သိန်းနှစ်သောင်း ဝန်းကျင်ရှိမယ်။ စစ်ကြောင်းတော့ မရှိတော့ပါဘူး။ စစ်ရေးကတော့ ပုံမှန်အခြေနေတော့ မဟုတ်သေးဘူး” လို့ ချောက်တော်လှန်ရေးတပ်(CRA)ရဲ့ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုကြောင့် တိမ်းရှောင်နေကြရတဲ့ ကျေးရွာတွေထဲက နရွဲတော၊ ရွာမ၊ ကတိုင်မြောက်ရွာက အိမ်ထောင်စု ၆၀ လောက်က ဒေသခံအယောက် ၂၀၀ ကျော်ကို CRA က ကူညီစောင့်ရှောက်ထားတယ်လို့ သူက ဆက်ပြောပါတယ်။
သူတို့အနေနဲ့ အဓိက ဆန်နဲ့ ဆေးဝါးလိုအပ်ချက်တွေရှိနေပြီး ဆောင်းတွင်းပိုင်း ၀င်ရောက်လာတဲ့အတွက် အနွေးထည်တွေလည်း လိုအပ်ချက်ရှိနေတယ်လို့ သိရပါတယ်။
ချောက်မြို့နယ်အတွင်းက လေးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာမရွာဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေတဲ့ အသက် ၇၀ ဝန်းကျင်အရွယ်ရှိ အမျိုးသား နှစ်ဦး သေဆုံးခဲ့တယ်လို့ CRA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဓာတ်ပုံ – Chauk Revolution Army