ဥရောပထိပ်တန်းလိဂ်တွေထဲက CJ Platform ရဲ့ ပွဲကြိုသုံးသပ်ချက်များ

Author CJ Platform
Categories
Published on Nov 02, 2024

နယူးကာဆယ် – အာဆင်နယ် (စနေည ၇ နာရီ)

 

ဒီတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးပွဲစဉ်တစ်ပွဲလို့ ဆိုရပါမယ်။ နယူးကာဆယ်ဟာ ပြီးခဲ့တဲ့ နှစ်ရာသီဆက်မှာ အာဆင်နယ်ဆီကနေ အမှတ်ခွဲယူပြီး ချန်ပီယံဖြစ်ရေးအိပ်မက်ကို တတ်နိုင်သလောက် နှောင့်ယှက်ခဲ့တဲ့ အသင်းဖြစ်ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ရာသီတုန်းက စိန့်ဂျိမ်းပတ်ခ်မှာ ကစားခဲ့တဲ့ပွဲဟာ အငြင်းပွားစရာတွေနဲ့ အာဆင်နယ်တို့ အရေးနိမ့်ခဲ့ပြီးနောက်မှာတော့ သူတို့နှစ်သင်းကြားက ပြိုင်ဆိုင်မှုတွေဟာ ပိုပြီး ပြင်းထန်လာခဲ့တာပါ။

 

ဒီရာသီမှာတော့ နယူးကာဆယ်ဟာ တည်ငြိမ်မှုပျောက်ဆုံးနေပြီး  ကိုးပွဲကစားပြီးချိန်မှာ သုံးပွဲနိုင်၊ သုံးပွဲသရေ၊ သုံးပွဲရှုံးပြီး အဆင့် ၁၂ မှာ ရပ်တည်နေတာပါ။ အာဆင်နယ်ကတော့ ဇယားထိပ်က မန်စီးတီးနဲ့ ငါးမှတ်အကွာ အဆင့်သုံးမှာ ရှိနေပြီး ဒီပွဲမှာသာ ထပ်ပြီး အမှတ်လျော့ဦးမယ်ဆိုရင်တော့ ချန်ပီယံဖြစ်ရေးအိပ်မက်ဟာ စောစောစီးစီးပဲ လွင့်ပျယ်သွားဖို့ ရှိနေပါတယ်။

 

နယူးကာဆယ်ရဲ့ခြေစွမ်းဟာ ယုံစားရခက်ပြီး နောက်ဆုံးကစားထားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ ချဲလ်ဆီးကို ရှုံးခဲ့ပါတယ်။ ဒီခြေစွမ်းအရ အိမ်ကွင်းမှာ အမြင့်ဆုံးသရေသာ မျှော်လင့်နိုင်မှာဖြစ်ပြီး စိတ်ဓာတ်နဲ့ခြေစွမ်းအသာရနေတဲ့ အာဆင်နယ်တို့ အဝေးကွင်းမှာ ခက်ခက်ခဲခဲကစားပြီး နိုင်ပွဲဖော်ဆောင်သွားဖို့ ရှိနေပါတယ်။

 

ခန့်မှန်းချက် – နယူးကာဆယ် ၀-၁ အာဆင်နယ်

****************************************

လီဗာပူးလ် – ဘရိုက်တန် (စနေည ၉ နာရီ ၃၀ မိနစ်)

 

ပြီးခဲ့တဲ့အပတ်မှာ အာဆင်နယ်ကို သရေကျခဲ့တဲ့ လီဗာပူးလ်အတွက် မဖြစ်မနေနိုင်ပွဲရှာပြီး မန်စီးတီးကို ဖိအားပေးရမယ့် ပွဲပါ။ လီဗာပူးလ်ရဲ့ ခြေစွမ်းဟာ အကောင်းဆုံးပုံစံမှာ ရှိနေဆဲဖြစ်ပြီး ခံစစ်ကလည်း မာကျောမှုအပြည့်ရှိပါတယ်။ ပြီးခဲ့တဲ့ကြားရက်မှာပဲ ဒီနှစ်သင်းဟာ ကရာဘောင်ဖလားမှာ ဆုံခဲ့ကြပြီး လီဗာပူးလ်က အဝေးကွင်းမှာ နှစ်ဂိုး-သုံးဂိုး နဲ့ အနိုင်ယူပြီး နောက်တစ်ဆင့်တက်နိုင်ခဲ့ပါတယ်။ ဘရိုက်တန်ရဲ့တိုက်စစ်မှာ ဝဲလ်ဘတ်က ဂိုးသွင်းခြေမိနေပြီး အသင်းလိုက်ကစားပုံအရလည်း စပါးတို့ နယူးကာဆယ်တို့ကို အနိုင်ယူနိုင်ခဲ့ပါတယ်။

 

ဒါပေမဲ့ စလော့ရဲ့လီဗာပူးလ်ဟာ ဘရိုက်တန်ထက်သာလွန်နေပြီး အန်ဖီးလ်လည်းဖြစ်နေတာကြောင့် လီဗာပူးလ်အတွက် အနိုင်သုံးမှတ်က ခက်ခဲမယ်မထင်ပါဘူး။ အိမ်ကွင်းမှာ နှစ်ဂိုးပြတ် အနိုင်ဆိုတာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။

 

ခန့်မှန်းချက် – လီဗာပူးလ် ၂-၀ ဘရိုက်တန်

****************************************

နာပိုလီ – အတ္တလန္တာ (တနင်္ဂနွေည ၆ နာရီ)

 

အမှတ်ပေးဇယားဦးဆောင်သူ နာပိုလီကို ခြေစွမ်း စမ်းသပ်မယ့်ပွဲပါ။ နာပိုလီဟာ ကွန်တီရဲ့လက်ထက်မှာ တစ်ပွဲထက်တစ်ပွဲ တည်ငြိမ်မှုရှိလာပြီး အမှတ်ပေးဇယားထိပ်ကနေ ခြေစွမ်းမှန်မှန်နဲ့ ခရီးဆက်နေတာပါ။ နာပိုလီရဲ့တိုက်စစ်မှာ လူကာကူက အကျိုးပြုနေပြီး ခဗာရက်စကာလီယာကလည်း ခြေစွမ်းကောင်းတွေပြသထားနိုင်ဆဲဖြစ်ပါတယ်။

 

အတ္တလန္တာဟာ ပြီးခဲ့တဲ့ရာသီတုန်းက ယူရိုပါလိဂ်မှာ ဗိုလ်စွဲခဲ့တဲ့အမာခံကစားသမားတွေနဲ့ ခရီးဆက်နေပြီး နောက်ဆုံးကစားခဲ့တဲ့ ငါးပွဲမှာ လေးပွဲအနိုင်ရကာ တစ်ပွဲသရေကျခဲ့ပါတယ်။ အဲဒီ ငါးပွဲမှာ သူတို့ရဲ့ တိုက်စစ်ဟာ ၁၅ ဂိုးအထိ သွင်းနိုင်ခဲ့တာကြောင့် ကွန်တီရဲ့ မာကျောတဲ့ ခံစစ်ကြောင်းကိုလည်း ဂိုးသွင်းနိုင်ဖို့ များနေပါတယ်။ နာပိုလီကလည်း နောက်ဆုံး ငါးပွဲလုံး အနိုင်ကစားထားတဲ့ အသင်းဖြစ်ပြီး အဲဒီ ငါးပွဲမှာ ပေးဂိုး တစ်ဂိုးတည်းသာ ခွင့်ပြုထားရတာပါ။ နာပိုလီရဲ့ ခံစစ်နဲ့ အတ္တလန္တာအသင်းရဲ့ တိုက်စစ်အားပြိုင်မှုကိုလည်း မြင်တွေ့ရဖွယ်ရှိပြီး အပြန်အလှန်သွင်းဂိုးတွေနဲ့ သရေတစ်မှတ်စီ ခွဲယူမယ့်ပွဲမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။

ခန့်မှန်းချက် – နာပိုလီ ၂-၂ အတ္တလန္တာ

****************************************

မန်ယူ – ချဲလ်ဆီး (တနင်္ဂနွေည ၁၁ နာရီ)

 

နန်းကျဘုရင်နှစ်ပါးရဲ့ စီးချင်းထိုးပွဲလို့လည်း ဆိုနိုင်ပါတယ်။ မန်ယူဟာ အဲရစ်တန်ဟက်အလွန် ယာယီနည်းပြ နစ္စတယ်ရွိုင်းရဲ့လက်ထက်မှာ လက်စတာကို ငါးဂိုးအထိ သွင်းဂိုး တိုက်စစ်အစွမ်းပြထားပြီး ယုံကြည်မှုအားကောင်းနေတဲ့ အသင်းဖြစ်ပါတယ်။ မာရက်စ်ကာရဲ့ ချဲလ်ဆီးကတော့ ပရီးမီးယားလိဂ်မှာ လူစာရင်းတစ်ခု၊ တခြားပြိုင်ပွဲတွေမှာ လူစာရင်းတစ်ခုနဲ့ ချီတက်နေတာဖြစ်လို့ ပွဲပန်းမှု ဒဏ်ကိုတော့ခံစားရခြင်းမရှိပါဘူး။

 

မန်ယူဟာ ပေါ်တူဂီလူမျိုးနည်းပြ အမော်ရင်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပြီးဖြစ်ပေမယ့် ဒီပွဲမှာတော့ နစ္စတယ်ရွိုင်းကပဲ ဦးဆောင်လာဦးမှာပါ။ မန်ယူကစားသမားတွေရဲ့ ခြေစွမ်းက ယုံစားလို့ မရတာကြောင့် အိမ်ကွင်းမှာ အနိုင်ရဖို့ ခက်ပါတယ်။ ချဲလ်ဆီးကလည်း တည်ငြိမ်တဲ့ ပုံစံကောင်းတစ်ခု ရရှိနေပြီး ပါမားနဲ့ ဂျက်ဆင်တို့ကလည်း ဂိုးသွင်းခြေမိနေတာကြောင့် အိုးထရက်ဖိုဒ့်မှာ သရေရလဒ်ဟာ နှစ်သင်းလုံးအတွက် ကျေနပ်စရာဖြစ်လာမှာပါ။

ခန့်မှန်းချက် – မန်ယူ ၁-၁ ချဲလ်ဆီး

****************************************

 ဘာစီလိုနာ – အက်စ်ပန်ညော် (တနင်္ဂနွေည ၉ နာရီ ၄၅ မိနစ်)

 

ဒီရာသီမှာ ချန်ပီယံခြေစွမ်းပြနေတဲ့ ဘာစီလိုနာအတွက်တော့ ကတ်တလန်ဒါဘီပွဲမှာ ဘာလုပ်ပြဦးမလဲဆိုတာ အတော်လေး စိတ်ဝင်စားစရာကောင်းပါတယ်။ အက်စ်ပန်ညော်ကလည်း ဘယ်လောက်ပဲ ခြေစွမ်းညံ့ဖျင်းနေပါစေ၊ ဘာစီလိုနာနဲ့ ဆုံလိုက်တိုင်းမှာ အသည်းပေါက်မတတ် ရုန်းကစားပြီး အမှတ်ခွဲယူဖို့ ကြိုးစားလေ့ရှိပါတယ်။ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ငါးပွဲမှာ ဘာစီလိုနာက သုံးပွဲနိုင်ခဲ့ပြီး နှစ်ပွဲက သရေကျခဲ့တာပါ။ လက်ရှိမှာတော့ ဘာစီလိုနာရဲ့ခြေစွမ်းဟာ အကောင်းဆုံးအနေအထားမှာ ရှိနေပြီး နောက်ဆုံး သုံးပွဲမှာ ဆီဗီလာကို ငါးဂိုး၊ ဘိုင်ယန်နဲ့ ရီးရဲလ်ကို လေးဂိုးစီသွင်းပြထားပါတယ်။

 

အက်စ်ပန်ညော်ကတော့ နောက်ဆုံး ငါးပွဲမှာ နှစ်ပွဲနိုင်၊ သုံးပွဲရှုံးပြီး ခံစစ်ကလည်း ယိုယွင်းနေတာကြောင့် နူးကမ့်မှာ ရှုံးပွဲကြုံဦးမှာပါ။ ဒါပေမဲ့ ကတ်တလန်ဒါဘီဆိုတဲ့ အသိကပ်နေဦးမှာဖြစ်တဲ့အတွက် ဘာစီလိုနာတို့ ခက်ခဲဦးမှာဖြစ်ပြီး အနိုင်သုံးမှတ်ကိုတော့ ရယူသွားဦးမှာသေချာပါတယ်။

 

ခန့်မှန်းချက် – ဘာစီလိုနာ ၂-၀ အက်စ်ပန်ညော်

 

ဓာတ်ပုံ – Goal , Opta