ဘေရွတ်မြို့လယ်ကောင်ကို အစ္စရေးတို့ လေကြောင်းကနေ တိုက်ခိုက်၊ လူခြောက်ဦးသေဆုံး

Author အဂ္ဂ
Categories
Published on Oct 03, 2024

လက်ဘနွန်နိုင်ငံရဲ့ မြို့တော် ဘေရွတ်မြို့လယ်ကောင်ကို ဒီကနေ့ အောက်တိုဘာ ၃ ရက်နေ့ နံနက် အစောပိုင်းမှာ အစ္စရေးဘက်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူခြောက်ဦး သေဆုံးပြီး ခုနစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လက်ဘနွန်ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

 

ဒါဟာ အီရန်နိုင်ငံ ကျောထောက်နောက်ခံပြုထားတဲ့ ဟစ်ဇ်ဘိုလာတွေနဲ့ တစ်နှစ်နီးပါးကြာပြီ ဖြစ်တဲ့ တကျော့ပြန် စစ်ပွဲအတွင်း တစ်ရက်တည်းမှာပဲ လက်ဘနွန်ရှေ့တန်းက အစ္စရေးတပ်ဖွဲ့ဝင်တွေ ထိခိုက် သေဆုံးမှုအများဆုံး ဖြစ်ခဲ့ရပြီးတဲ့နောက်မှာ အခုလိုမျိုး ဘေရွတ်မြို့လယ်ကောင်ကို ပစ်ခတ် တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

 

အစ္စရေးဘက်ကတော့ ဘေရွတ်မြို့တွင်းကို တိကျတဲ့ လေကြောင်းတိုက်ခိုက်မှု တစ်ခုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ မျက်မြင်သက်သေတွေကလည်း ပေါက်ကွဲသံ အကျယ်ကြီးကြားရတယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

 

လုံခြုံရေးသတင်းရင်းမြစ်ကတော့ တိုက်ခိုက်မှုဟာ လွှတ်တော်အဆောက်အအုံ အနီးနားက ဘာချူအာရပ်ကွက်အတွင်းမှာ ရှိတဲ့ အဆောက်အအုံ တစ်လုံးကို ပစ်မှတ်ထားခဲ့ကြောင်းနဲ့ အခုဆိုရင် အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုဟာ လက်ဘနွန်အစိုးရရဲ့ ရုံးစိုက်ရာနေရာတွေအထိ ရောက်ရှိလာနေပြီလို့ ဆိုပါတယ်။

 

ဒါ့အပြင် ပြီခဲ့တဲ့အပတ်အတွင်းက ဟစ်ဇ်ဘိုဘာခေါင်းဆောင် ဟာဆန်နာဆရာလာ လုပ်ကြံသတ်ဖြတ်ခံ လိုက်ရတဲ့ ဒါဟီရဲ့မြို့ရဲ့တောင်ပိုင်း ဆင်ခြေဖုံးရပ်ကွက်ကိုလည်း ဒုံးကျည်သုံးစင်းထိမှန်ပြီး ပေါက်ကွဲသံ အကျယ်ကြီးကြားရတယ်လို့ လက်ဘနွန် လုံခြုံရေးအရာရှိက ဆိုပါတယ်။ တောင်ပိုင်းဆင်ခြေဖုံးရပ်ကွက်က ယမန်နေ့တုန်းကလည်း အစ္စရေးတို့ရဲ့ တိုက်ခိုက်မှု တစ်ဒါဇင်ကျော် ခံခဲ့ရပါသေးတယ်။

 

အီရန်နိုင်ငံက အစ္စရေးနိုင်ငံထဲကို ဒုံးကျည် အစင်းပေါင်း ၁၈၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နောက်နေ့မှာပဲ လက်ဘနွန်ရှေ့တန်းက အစ္စရေးတပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးခဲ့တယ်လို့ ယမန်နေ့ အောက်တိုဘာ ၂ ရက်နေ့မှာပဲ အစ္စရေးစစ်တပ်က အတည်ပြုပြောဆိုခဲ့ပါတယ်။

 

အဲ့ဒီနောက် သူတို့ရဲ့ ကုန်းတပ်နဲ့ သံချပ်ကာယာဉ်တပ်တွေဟာ လက်ဘနွန်နိုင်ငံထဲမှာ မြေပြင် စစ်ဆင်ရေးတွေ လုပ်နေတယ်လို့ အစ္စရေးစစ်တပ်က ပြောခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အီရန်နိုင်ငံက ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အစ္စရေးကလည်း ပြန်လည်တုံ့ပြန်မှာဖြစ်တယ်လို့ ကြုံးဝါးထားပါတယ်။

 

ဒီလိုဖြစ်ရပ်တွေကြောင့် ရေနံအဓိက ထွက်ရှိတဲ့ အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံး ပဋိပက္ခကြီးထဲ ပါဝင်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ဖြစ်ပေါ်စေပါတယ်။

 

ဟစ်ဇ်ဘိုလာအဖွဲ့က သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေဟာ လက်ဘနွန်နိုင်ငံထဲမှာ အစ္စရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ တယ်လို့ ဆိုပါတယ်။ တနင်္လာနေ့က အစ္စရေးတပ်တွေ လက်ဘနွန်နယ်စပ်ကို ကျော်ဖြတ် ဝင်ရောက်လာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် မြေပြင်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့  ဟစ်ဇ်ဘိုလာတို့ဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

ဒါ့အပြင် သူတို့အဖွဲ့က နယ်စပ်မြို့ဖြစ်တဲ့ မာရွန် အဲလ်ရက်စ်မြို့အနီးမှာ အစ္စရေးရဲ့ Merkava သံချပ်ကာ တင့်ကား သုံးစီးကို ဒုံးကျည်တွေနဲ့ ဖျက်ဆီးနိုင်ခဲ့တယ်လို့လည်း ဆက်ပြောပါတယ်။

 

အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုက သူတို့ဟာ အစ္စရေးကို ဖျက်ဆီးချင်နေကြတဲ့ အီရန်ရဲ့ “မကောင်းဆိုးဝါးမဟာမိတ်တွေ” နဲ့ ခက်ခဲတဲ့စစ်ပွဲကို ရင်ဆိုင်နေရကြောင်း၊ ဒါပေမဲ့ ရန်သူတွေ လိုချင်တဲ့ အတိုင်းဖြစ်မလာအောင် အားလုံးအတူတကွရပ်တည်ပြီး ဘုရားသခင်ရဲ့ စောင်မမှုနဲ့အတူ နိုင်အောင်တိုက်သွားမယ်လို့ ဝမ်းနည်းကြောင်းပြောဆိုတဲ့ ရုပ်သံတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

 

လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း အနည်းဆုံးလူ ၄၆ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

 

အီရန်က အစ္စရေးကို တိုက်ခိုက်ခဲ့မှုတွေထဲ အကြီးကျယ်ဆုံးဖြစ်တဲ့  သူ့ရဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်မှုဟာ ပြီးဆုံးသွားပြီဖြစ်ကြောင်း ယမန်နေ့က ပြောဆိုခဲ့ပေမယ့် အစ္စရေးနဲ့ အမေရိကန်က ပြင်းထန်စွာ တုံ့ပြန်မယ်လို့ ကတိပြု ပြောဆိုထားပါတယ်။

 

ဒါပေမဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အစ္စရေးကို အီရန်ရဲ့ နျူကလီးယားစခန်းတွေကို တိုက်ခိုက်ဖို့ ထောက်ခံမှာမဟုတ်ဘဲ အစ္စရေးအနေနဲ့ ဒေသတွင်းရန်ဖက်ကို အတိုင်းအတာတစ်ခုအထိပဲ  တုံ့ပြန်ဖို့ တိုက်တွန်းခဲ့ပါတယ်။

 

အဲဒါအပြင် ဘိုင်ဒင်ဟာ G 7 အဖွဲ့ဝင် ထိပ်သီးနိုင်ငံခေါင်းဆောင်တွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးပြီး အီရန်ကို ပိတ်ဆို့အရေးယူမှုအပါအဝင် တုံ့ပြန်လုပ်ဆောင်မယ့် ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

 

G7 ခေါင်းဆောင်တွေဟာ အရှေ့အလယ်ပိုင်းအကျပ်အတည်းအပေါ် စိုးရိမ်ကြောင်း ဖော်ပြခဲ့ပြီး၊ သံတမန် နည်းလမ်းနဲ့ ဖြေရှင်းနိုင်သေးတယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ကြပါတယ်။ ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးတပ်တွေကို နယ်စပ်မှာ တွန်းလှန်နိုင်ခဲ့ပြီး၊ အစ္စရေးစစ်စခန်းတွေကို ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

 

အရန်လက်နက်ကိုင်အဖွဲ့ရဲ့ ပြန်ကြားရေး အကြီးအဖြစ်သူ မိုဟာမက်အာဖစ်ဖ်က အခုတိုက်ပွဲတွေဟာ ပထမ အကျော့သာဖြစ်ပြီး အစ္စရေးကို တွန်းလှန်တိုက်ခိုက်ဖို့အတွက် သူတို့မှာ တိုက်ခိုက်ရေးသမားတွေနဲ့ လက်နက်ခဲယမ်းတွေ လုံလုံလောက်လောက်ရှိတယ်လို့ ဆိုခဲ့ပါတယ်။

 

အစ္စရေးဘက်က Golani တပ်မဟာ၊ ၁၈၈ သံချပ်ကာတပ်မဟာနဲ့ ခြေလျင်တပ်မဟာ ၆ အပါအဝင် တပ်မ ၃၆ က‌ ခြေလျင်နဲ့ သံချပ်ကာတပ်ဖွဲ့ဝင်တွေ အင်အားထပ်ဖြည့်ခဲ့တာကြောင့် အကန့်အသတ်နဲ့ အထူးတပ်ဖွဲ့ကွန်မန်ဒိုတွေ ဝင်ရောက်စီးနင်းတာမျိုးထက် ပိုမိုကျယ်ပြန့်တဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်ဆောင်လာနိုင်တယ်လို့လည်း ယူဆချက်တွေ ရှိနေပါတယ်။

အစ္စရေးစစ်တပ်ကတော့ သူတို့ရဲ့ စစ်ဆင်ရေးဟာ နယ်စပ်က ဥမင်လိုဏ်ခေါင်းတွေနဲ့ အခြေခံ အဆောက်အအုံတွေကို ဖျက်ဆီးဖို့သာဖြစ်ပြီး၊ လက်ဘနွန်မြို့တော် ဘေရွတ်နဲ့ တခြားမြို့ကြီးတွေကို ပစ်မှတ်ထားမယ့် ပိုကျယ်ပြန့်တဲ့ စစ်ဆင်ရေးမျိုး လုပ်ဆောင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

 

လက်ရှိမှာ အစ္စရေးက တောင်ပိုင်းနယ်စပ်တစ်လျှောက်က မြို့  ၂၄ မြို့ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းခိုင်းခဲ့ပါတယ်။ ဒေသခံတွေကို အစ္စရေးနယ်စပ်ကနေ ၆၀ ကီလိုမီတာ (၃၇ မိုင်) အကွာမှာရှိတဲ့ အဝါလီမြစ်ရဲ့ မြောက်ဘက်ကို ရွှေ့ပြောင်းဖို့ ညွှန်ကြားခဲ့တာလည်း ဖြစ်ပါတယ်။

 

လက်ဘနွန်အစိုးရရဲ့ စာရင်းဇယားတွေအရ၊ လွန်ခဲ့တဲ့တစ်နှစ်နီးပါးက နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၁,၉၀၀ ကျော် သေဆုံးခဲ့ပြီး ၉,၀၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ အသေအပျောက်အများစုဟာ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်းမှာ ဖြစ်ပွားခဲ့တာပါ။

 

ယာယီဝန်ကြီးချုပ် နာဂျစ် မီကာတီက အစ္စရေးတိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်နိုင်ငံသား ၁.၂ သန်းခန့် နေရပ်စွန့်ခွာခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။

 

ဆူဒန်နိုင်ငံသူ မာလီကာ ဂျူမာဆိုသူဟာ တောင်ပိုင်းကမ်းရိုးတန်းမြို့ ဆိုင်ဒွန်အနီးက သူ့အိမ်ကနေ အတင်းအကျပ် ထွက်ခွာခဲ့ရပြီး၊ သူ (မ) ရဲ့ ခင်ပွန်းနဲ့ ကလေးနှစ်ယောက်နဲ့အတူ ဘေရွတ်မြို့က စိန့်ဂျိုးဇက်ဘုရားကျောင်းမှာ ခိုလှုံခဲ့ရပါတယ်။ သူ(မ) က “ဘုရားကျောင်းက ကူညီပေးတာ တော်တော်ကောင်းပါတယ်။ မဟုတ်ရင် ကျွန်မတို့ လမ်းမှာပဲ နေရမှာ၊ ဘယ်သွားရမှန်းမသိဘူး”လို့ ပြောပါတယ်။

 

အီရန်ဟာ အင်္ဂါနေ့က သူ့ရဲ့ဒုံးကျည်တိုက်ခိုက်မှုဟာ အစ္စရေးက စစ်သွေးကြွခေါင်းဆောင်တွေကို သတ်ဖြတ်ခဲ့တာ၊ လက်ဘနွန်က ဟစ်ဇ်ဘိုလာအဖွဲ့ကို တိုက်ခိုက်တာနဲ့ ဂါဇာက ဟားမားစ်အဖွဲ့ကို တိုက်ခိုက်နေတာတွေအတွက် လက်တုံ့ပြန်တာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

 

အီရန်ရဲ့ ဒုံးကျည်တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ ထိခိုက်သေဆုံးမှုမရှိခဲ့ပေမယ့် အစ္စရေးက သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာတော့ တစ်ဦးသေဆုံးခဲ့ပါတယ်။

 

ဓာတ်ပုံ – Reuters

ကိုးကား – Reuters