သီပေါတစ်မြို့လုံးသိမ်းနိုင်တော့မယ်လို့ TNLA ပြော

Author လဂွန်းအိမ်
Categories
Published on Oct 03, 2024

တအာင်းတပ် TNLA နဲ့ မဟာမိတ်တွေထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ရှမ်းမြောက်က သီပေါ တစ်မြို့လုံးကို တော်လှန်ရေးအင်အားစုတွေဘက်က သိမ်းပိုက်နိုင်ဖို့ အလွန်နီးစပ်နေပြီလို့ ပလောင်အမျိုးသားများလွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)ဘက်က ပြောလာပါတယ်။

 

ယမန်နေ့ အောက်တိုဘာ ၂ ရက်နေ့ စစ်ကောင်စီရဲ့ ၅၀၃ နဲ့ ၅၀၄ တပ်စခန်းတို့ကို သိမ်းပိုက်လိုက်ပြီလို့ သတင်းတွေထပ်မံထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီစခန်းတွေကို စက်တင်ဘာနောက်ဆုံးပတ်ကတည်းက သိမ်းပိုက်လိုက်ပြီလို့ သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။

 

အဲဒီတပ်စခန်းတွေ သိမ်းပိုက်လိုက်တဲ့အကြောင်း ဒေသတွင်းသတင်းဌာနတွေက ဓာတ်ပုံတွေနဲ့တကွ ဖော်ပြရေးသားလာတဲ့အတွက် CJ Platform က PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးထံ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ သူမက အတည်အပြုနိုင်သေးတဲ့အကြောင်း ယမန်နေ့ ညပိုင်းက ပြန်လည်ဖြေကြားထားပါတယ်။

 

ဒါကြောင့် သီပေါမြို့တိုက်ပွဲတွေနဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ပြီး စစ်ရေးအရ သိမ်းပိုက်နိုင်တော့မယ့် အခြေအနေရှိနေပြီလို့ သူမက ပြောပါတယ်။

 

ဒေသတွင်းမီဒီယာတစ်ခုဖြစ်တဲ့ ရွှေဖီမြေသတင်းဌာနကတော့ စစ်ကောင်စီရဲ့ ခမရ ၅၀၃၊ ၅၀၄ တပ်ကို သိမ်းပိုက်ရရှိထားပြီး အလောင်းနဲ့ စစ်သုံ့ပန်းတွေလည်း ဖမ်းဆီးရမိထားကာ လက်ကျန်တပ်စခန်းဖြစ်တဲ့ ခလရ ၂၃ တပ်ကို ဆက်လက် ထိုးစစ်ဆင်နေတယ်လို့ ယမန်နေ့က ရေးသားဖော်ပြထားပါတယ်။

 

တအာင်းတပ် TNLA အနေနဲ့ ကျောက်မဲမြို့ကို သိမ်းပိုက်ပြီးနောက် ဆက်စပ်မြို့ဖြစ်တဲ့ သီပေါကို ဩဂုတ်ပထမပတ်အတွင်း ဆက်လက်တိုက်ခိုက်ခဲ့ပြီးနောက် ဩဂုတ် ၁၁ ရက်နေ့ကတည်းက သီပေါမြို့တွင်းကို ထိန်းချုပ်ထားခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

 

ဓာတ်ပုံ – PSLF/TNLA

 

Related News

Depend on news