မိုးအလွန်ကြီးမယ်လို့ခန့်မှန်းထားပြီး ပြောင်းရွှေ့ကြဖို့ သတိပေးထားတဲ့ နာဂဒေသမှာ ဘာဖြစ်နေလဲ?

Published on Oct 03, 2024

မိုးလေဝသ ခန့်မှန်းသူ ဦးဝင်းနိုင်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးနဲ့ လဟယ်ကြား၊ စစ်ကိုင်းတိုင်း အထက်ပိုင်း ခန္တီးနဲ့ ထမံသီကြား၊ ချင်းတွင်းမြစ် အနောက်ဘက်ကမ်း တောင်ကြောပေါ်မှာ မိုးအလွန့်အလွန်များနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

 

ဒါကြောင့် အဲဒီဒေသက လုပ်ငန်းတွေ၊ အဆောက်အအုံကြီးတွေမှာ နေထိုင်သူတွေအနေနဲ့ အမြန်ဆုံးပြောင်းရွှေ့ဖို့ သတိပေးထားခဲ့သလို ဒီကနေ့ အောက်တိုဘာ ၃ ရက်နေ့အထိလည်း အဲဒီအန္တရာယ်တွေတွေ့ကြုံလာနိုင်တာကြောင့် ဆက်လက်သတိပေးနေပါတယ်။

 

လဟယ်မြို့မှာတော့ အောက်တိုဘာ ၂ ရက်နေ့ မနက် ၆ နာရီကစလို့ မိုးသည်း၊ လေထန်နေပြီး ဒီကနေ့ နံနက် ၁၁ နာရီခန့်အထိ မိုးအနည်းငယ် ဆက်ရွာနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

ဒါကြောင့်အဲဒီမှာ လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲနေတယ်လို့ လဟယ်ဒေသခံ အမျိုးသားတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“မိုးလေဝသသတင်းတွေ ကြေညာထားတာတော့ ဟုတ်တယ်။ အခုလောလောဆယ်တော့ အရမ်း ဆိုးဆိုးရွားရွားကြီး မဖြစ်သေးဘူး။ မနေ့က မနက်ကတော့ သွန်ချသလိုပဲ ရွာတာ။ လေလည်း ကြမ်းတယ်။ ဒီထက်များရင်တော့ စပါးတွေပျက်စီးတော့မယ်။ နောက် အခုက စပါးခင်းတွေ ကြွက်တွေ ဖျက်တာတွေလည်း ရှိသေးတယ်” လို့ ၎င်းက ပြောပါတယ်။

 

အဲဒီလို မိုးဆက်လက်သည်းသည်းထန်ထန်ရွာနေပါက မိုးစပါးခင်းတွေ ပျက်စီးသွားနိုင်တဲ့ အခြေအနေမှာရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

 

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ မိုးစပါးကို ဒေသမျိုးတွေ စိုက်ကြသလို အထွက်နှုန်းကောင်းတဲ့ စပါးမျိုးတွေကိုလည်း စိုက်ကြပါတယ်။ တောင်ယာစိုက်ပျိုးနည်း၊ ခေတ်မီလှေကားထစ် စိုက်ပျိုးနည်းနဲ့ မြေပြန့်နေရာတွေများတော့ မိုးကောင်းသောက် လယ်စိုက်ပျိုးနည်းတွေနဲ့ စိုက်ပျိုးလေ့ရှိပါတယ်။

 

နာဂဒေသမှာ မိုးကြီးနိုင်တဲ့ သတိပေးချက်တွေကြောင့် CJ Platform အနေနဲ့ ယမန်နေ့ (အောက်တိုဘာ ၂ ရက်) မွန်းလွဲ ၃ နာရီကျော်ကတည်းက ဒေသခံတွေကို ဖုန်းဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလိုင်းတွေ ခက်ခဲနေတဲ့အတွက် ဒီကနေ့ နံနက်ပိုင်းကမှ အဆက်အသွယ် ရရှိခဲ့တာပါ။

 

အခုလို မိုးတွေ ရွာနေပြီး လမ်းပန်းဆက်သွယ်ရေးတွေလည်း ခက်ခဲတာကြောင့် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေနဲ့ ဓာတ်ဆီဈေးတွေလည်း မြင့်တက်လာတယ်လို့ လဟယ်ဒေသခံက ဆက်ပြောပါတယ်။

 

“ရိုးရိုး ဆန်တစ်အိတ်ကို တစ်သိန်းရှစ်သောင်း၊ တစ်သိန်းကိုးသောင်း ထိရှိတယ်။ နှစ်သိန်းနား ကပ်နေတာ။ ကြက်ဥတစ်လုံးကို တစ်ထောင်၊ ဆားတစ်ထုပ် တစ်ထောင့်ငါးရာ၊ ဓာတ်ဆီ တစ်ဂါလံကို ငါးသောင်းကျော်၊ စားဆီ တစ်လီတာကို တစ်သောင်းနှစ်ထောင်၊ အခု မိုးတွင်းမှာမှ အရမ်းတက်လာတာ” လို့ ကြုံတွေ့နေရတာတွေကို သူက ပြောပြပါတယ်။

 

အရင် မိုးတွင်းကာလ မတိုင်ခင်က ဆန်ရိုးရိုး တစ်အိတ်ကို တစ်သိန်းသုံးသောင်းကျပ် ဝန်းကျင်ရှိပြီး ကျန်စားသောက်ကုန် ဈေးနှုန်းတွေကတော့ စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်ပိုင်း ငါးဆခန့်နီးပါး မြင့်တက်သွားတယ်လို့ သိရပါတယ်။

 

လက်ရှိမှာ နာဂဒေသက တချို့နေရာတွေမှာ မိုးများပြီး တောင်ပြိုတာ၊ သစ်ပင်လဲတာတွေကြောင့် လမ်းဆက်သွယ်ရေးခက်ခဲနေတာတွေ ကြားသိနေရပေမဲ့ CJ Platform အနေနဲ့ မြေပြင်က ‌ဒေသခံတွေနဲ့ အဆက်အသွယ်ရနိုင်ဖို့ ကြိုးပမ်းနေပါတယ်။

 

ဓာတ်ပုံ – Kachinnews (ပုံဟောင်း)

 

ပုံစာ – လဟယ်မြို့