ဘုတလင်တိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်ကောင်စီ စာသင်ကျောင်းနဲ့ ဆေးရုံတွေကိုပါ လေကြောင်းအသုံးပြု တိုက်ခိုက်နေ

Author  မင်းထက်
Categories
Published on Oct 03, 2024

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ကျေးရွာကစစ်ကောင်စီစစ်ကြောင်း ပြုတ်တဲ့အထိတိုက်ခိုက်ခံရပြီးနောက် ယမန်နေ့ မွန်းလွဲပိုင်းမှာ အဲဒီ တိုက်ပွဲနေရာအနီးက ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ CJ Platform က စုံစမ်းသိရှိရပါတယ်။

 

ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့က ဘုတလင်မြို့နယ်၊ ကူတော်ရွာကနေ ဘုတလင်မြို့ဘက်ကို ထွက်လာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို စစ်ကြောင်းမှူးအပါအဝင် ၃၅ ဦးသေဆုံးစေတဲ့အထိ စီပါကျေးရွာအနီး တော်လှန်ရေးပူးပေါင်းအဖွဲ့က လက်ဦးမှုရယူပြီး တိုက်ခိုက်နိုင်ခဲ့တာပါ။

ဒါကြောင့် စစ်ကောင်စီဟာ ယမန်နေ့ အောက်တိုဘာ ၂ ရက်နေ့မှာတော့ တိုက်ပွဲဖြစ်ပွားရာ နေရာနဲ့ သုံးမိုင်ခန့်မှာရှိတဲ့ မောင်းထောင်စံပြကျေးရွာကို တံတားဦး၊ မိတ္ထီလာကနေ တက်လာတဲ့  ဂျက်ဖိုက်တာ သုံးစင်းနဲ့ မွန်းလွဲ ၂ နာရီ ခွဲခန့်ကနေ ၃ နာရီအတွင်း ဗုံး ဆယ်လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

 

ဒီလေကြောင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီဟာ စာသင်ကျောင်းတစ်ကျောင်းနဲ့ ဆေးရုံကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

 

“ခြောက်ကြိမ်ပစ်သွားတယ်။ စာသင်ကျောင်း၊ ဆေးရုံနဲ့ ဓမ္မာရုံကို ဗုံးဆယ်လုံး ကြဲသွားတယ်။ ပြည်သူနေအိမ် အနည်းငယ်ထိသလို ပြည်သူတစ်ယောက်ထိတာ မစိုးရိမ်ရပါဘူး။ တိုက်ပွဲမရှိဘဲ ပတ်ရမ်းနေတာ၊ တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာကို စခတွေ ဖြတ်လာရတာ အဲဒီရွာနဲ့ နီးလို့ နောက်ပြီးရွာကြီးမလို့ပါ” လို့ Budalin Mobile Team-BMT ရဲ့ ဘဏ္ဍာရေးတာဝန်ခံက CJ Platform ကို ပြောပါတယ်။

 

စစ်ကောင်စီရဲ့ အခုလို လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကတိုး၊ ငါး‌ရေဝင်၊ မောင်းထောင်၊ စီပါ၊ မွန်တော၊ ရွေလက်၊ ကျွဲသေချောင်း၊ ကူတော်၊ ရွာမွန်၊ ကဘဲ့နဲ့ လယ်တီစတဲ့ ကျေးရွာတွေက ဒေသခံ တစ်ထောင်ထက် မနည်းဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

လေကြောင်းပစ်ခတ်ခံရတဲ့ မောင်းထောင်စံပြကျေးရွာမှာ ရှေးဟောင်းသမိုင်းဝင် ဘလ္လာတိယ ‌ရေကန်တော်ကြီး တည်ရှိပြီး ညောင်ရမ်းခေတ်နှောင်းနဲ့ ကုန်း‌ဘောင် ခေတ်ဦး လက်ရာ စေတီပုထိုးများစွာ တည်ရှိတဲ့ စည်းကားလှတဲ့ ကျေးရွာကြီး တစ်ရွာဖြစ်ပါတယ်။

 

ဘုတင်မြို့နယ်၊  ကူတော်ရွာက ထွက်လာတဲ့ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်မှာ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းတစ်ခုလုံး ပြိုပျက်သွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်ကြောင်းမှူး ဗိုလ်မှူး အပါအ၀င် ၃၅ ဦးသေဆုံးပြီး ၄၃ ဦး အရှင်ဖမ်းမိခဲ့ပါတယ်။ ဘုတလင်မြို့နယ်ဟာ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) နဲ့ မိုင် ၂၀ ခန့်သာ ကွာဝေးတဲ့ မြို့နယ်ဖြစ်ပါတယ်။

 

မင်းထက်

 

ဓာတ်ပုံ – လူမှုကွန်ရက်