နိုင်ငံရေးမှာ ပါဝင်နေတဲ့ စစ်တပ်ရဲ့ အခန်းကဏ္ဍကို ပယ်ဖျက်ဖို့ NLD အစိုးရက ကြိုးစားခဲ့တယ်လို့ မင်းအောင်လှိုင် စွပ်စွဲ

မြန်မာနိုင်ငံရေးမှာ စစ်တပ်ရဲ့ အချက်အချာကျကျ ပါဝင်နေမှုကို ပယ်ဖျက်ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက အမုန်းတရားတွေနဲ့ လုပ်ဆောင်ခဲ့တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က စွပ်စွဲပြောဆိုထားပါတယ်။
တစ်ချိန်တည်းမှာပဲ လက်နက်အားကိုးနဲ့ အာဏာသိမ်းခဲ့တဲ့ စစ်အုပ်စုက နိုင်ငံရေးမှာ ပါဝင်မှာမဟုတ်ဘူးလို့လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထပ်မံပြောဆိုပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေဟာ လွှတ်တော်ရဲ့ ကိစ္စရပ်တွေမှာ ပါဝင်ထိန်းကျောင်းနေမယ်လို့ ဆိုပါတယ်။
၂၀၁၅ ဒီမိုကရေစီအစိုးရက မိမိတို့ (စစ်အုပ်စု) နဲ့ ပူးပေါင်းလုပ်ဆောင်တာမျိုး မရှိဘဲ စစ်တပ်ကို မုန်းတီးစေမယ့် ကိစ္စရပ်တွေ ရေးသားပြောဆို လှုံ့ဆော်ခဲ့တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ရည်ညွှန်းပြောဆိုခဲ့ကာ နိုင်ငံရေးကနေ စစ်တပ်ရဲ့ အခန်းကဏ္ဍကို ပယ်ဖျက်ဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။
“ဒီမိုကရေစီ ဒုတိယအစိုးရ (NLD အစိုးရကို ရည်ညွှန်း) သက်တမ်းကာလမှာ စစ်တပ်ရဲ့ နိုင်ငံရေးထဲ အချက်အချာကျမှုကို ပယ်ဖျက်ဖို့အတွက် အတိတ်က ဖြစ်ရပ်တွေအပေါ် အခြေခံတဲ့ အမုန်းတရားတွေနဲ့ လုပ်ဆောင်ခဲ့တယ်” လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စွပ်စွဲပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
စစ်တပ်အလိုကျ ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်အုပ်စုက ကာကွယ်သွားဖို့အတွက် လွှတ်တော်မှာ ပါဝင်ပြီး နိုင်ငံ့အရေး ဆောင်ရွက်သွားမှာဖြစ်တယ်လို့ မင်းအောင်လှိုင်က အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ မကွေးတိုင်း တပ်နယ်က တပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံချိန် ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
ဒီမိုကရေစီနည်းကျ ပြည်သူ့ဆန္ဒနဲ့အညီ ရွေးချယ်ထားတဲ့ အစိုးရဆီကနေ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုက အာဏာလုယူခဲ့ပြီးနောက်ပိုင်း နိုင်ငံ့ခေါင်းဆောင်တွေ အပါအဝင် ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ စစ်တပ်ကို မထောက်ခံသူတွေကို စစ်အုပ်စုနဲ့ လက်အောက်ခံတပ်ဖွဲ့တွေက ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခဲ့တာတွေလည်း ရှိနေပါတယ်။
စစ်တပ်အနေနဲ့ နိုင်ငံရေးလုပ်မှာ မဟုတ်သလို၊ နိုင်ငံရေးလုပ်မှာ မဟုတ်ဘူးလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အကြိမ်ကြိမ် ပြောဆိုနေပေမဲ့ လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ကျင်းပမယ့် ရွေးကောက်ပွဲမှာလည်း စစ်တပ်အလိုကျ ပါတီတွေနဲ့ ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပသွားဖို့ လုပ်ဆောင်နေတာလည်း ရှိနေပါတယ်။