အာဇာနည်နေ့မှာ မန္တလေးက Mytel ရုံးချုပ် အတိုက်ခံရ  

Author အညာသား
Categories
Published on Jul 19, 2024

အာဇာနည်နေ့ဖြစ်တာကြောင့် လုံခြုံရေး တင်းကြပ်ထားတဲ့ မန္တလေးမြို့မှာ စစ်ကောင်စီ လက်အောက်ခံ Mytel ရုံးချုပ်ကို တော်လှန်ရေးအင်အားစုတွေက ဒီနေ့ ဇူလိုင် ၁၉ရက် တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ်(၁၅) တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။

 

မဟာအောင်မြေမြို့နယ် ၆၂ လမ်းနဲ့ ၃၈လမ်းမှာရှိတဲ့ စစ်ကောင်စီထောက်တိုင် Mytel ရုံးချုပ်ကို ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းနဲ့ Civilian Military – Sagain Region Defense Force၊ Satan is Coming (CM – SRDF)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

 

“တိုက်ခိုက်ခံရတာတော့ သေချာတယ်ဗျ။ အဲ့ရုံးမှာ လူကတော့ လုံခြုံရေး(security)တွေပဲရှိတယ်ပြော တယ်။ လူထိခိုက်မှုရှိမရှိ မသိရသေးဘူး။ Ambulance အသံတော့မကြားရဘူးဗျ”လို့ မန္တလေးမြို့ခံ CJ Platformရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

 

တိုက်ခိုက်မှုကြောင့် ကင်းပုန်းဝပ်နေတဲ့ ပြည်သူ့စစ်နှစ်ဦး သေဆုံးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် CJ Platform အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

 

၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယလှိုင်းဟာ မန္တလေးမြို့ အနီးကိုပါ ရောက်ရှိလာနေပြီဖြစ်တာကြောင့် စစ်ကောင်စီဟာ မြို့ဝင်မြို့ထွက် နေရာအနှံအပြားအပြင် မြို့တွင်းအထပ်မြင့်နေရာတွေ၊ မန္တလေးတောင်ပေါ်နဲ့ ဧရာ၀တီမြစ်ကြောင်းတစ်လျှောက်မှာ လုံခြုံရေးကို တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

 

ဓာတ်ပုံ – CJ

 

ပုံစာ – အာဏာသိမ်းကာ မန္တလေးမြို့ ၆၂လမ်းပေါ်တွင် လုံခြုံရေးစည်းများ ကာရံထားပုံကို မြင်ရစဉ်