စဉ့်ကူးတစ်မြို့လုံးကို တော်လှန်တပ်ဖွဲ့များသိမ်း၊  နွေဦးတော်လှန်ရေး သုံးနှစ်ကျော်ကာလအတွင်း မန္တလေးတိုင်းထဲ ပထမဆုံးသိမ်းနိုင်တဲ့မြို့ဖြစ်လာ

Published on Jul 19, 2024

မန္တလေးတိုင်းအတွင်းရှိ စဉ့်ကူးတစ်မြို့နယ်လုံးကို NUG/MoD လက်အောက်ခံ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း တိုက်ပွဲတွင်းပါဝင်ခဲ့တဲ့ တော်လှန်ရေးရဲဘော်နဲ့ ဒေသခံများက CJ Platform သို့ အတည်ပြုပြောကြားပါတယ်။

 

အဲဒီမြို့သိမ်းတိုက်ပွဲတွေထဲ အရပ်သားသေဆုံးသူ ၃၉ ဦးခန့်ရှိတယ်လို့လည်း သိရပါတယ်။

 

ရှမ်းမန်းစစ်ဆင်ရေးထဲက အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ စဉ့်ကူးမြို့သိမ်းတိုက်ပွဲကို ဇူလိုင် ၁၄ မှ ၁၆ ရက်အထိ သုံးရက်တာဆင်နွှဲပြီးနောက် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ အဲဒီမြို့သိမ်းတိုက်ပွဲမှာပါဝင်ခဲ့သူ တော်လှန်ရေးရဲဘော်တစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“မြို့ထဲမှာ စစ်သားတွေတော့ မရှိတော့ဘူးဗျ။ မြို့ကတော့သိမ်းပြီးပါပြီ။ လေကြောင်းတိုက်ခိုက်မှုပဲရှိတာပါ။ အဝေးကိုပြေးတဲ့သူတချို့ကတော့ ပိတ်မိပါတယ်ဗျ။ ဖုန်းလိုင်းတွေကလည်း ရတစ်ချက်မရတစ်ချက်။ နေရတာတော့ လုံခြုံမှုမရှိသေးဘူး။ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေဖြတ်ထားတယ်” လို့ ၎င်းက ပြောပါတယ်။

 

ဇွန်လ ၂၇ ရက်နေ့ကစပြီး စဉ့်ကူးမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပြီး ဇူလိုင် ၁၄ ရက်ကစလို့ စဉ့်ကူးမြို့ပေါ်အထိ တိုက်ပွဲတွေကူးစက်ခဲ့တာဖြစ်ပါတယ်။

 

အဲဒီသုံးရက်အတွင်း သေဆုံးသူ လေးဦးနဲ့ ထိခိုက်ဒဏ်ရာရသူ အမျိုးသား ၂၂ ဦး၊ အမျိုးသမီး ၁၃ ဦးရှိခဲ့တယ်လို့ စဉ့်ကူးသတင်းတာဝန်ခံ ကိုသံမဏိက CJ Platform သို့ ပြောပါတယ်။

 

“သေဆုံးထဲမှာ ဒေါ်ညို (၆၇)နှစ် အဲဒါပဲ သိရတယ်။ ကျန်တာ အတည်ပြုနေတယ်” လို့ ၎င်းက ပြောပါတယ်။

 

စစ်ကောင်စီပစ်ရဲ့ လေယာဉ်နဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် စဉ့်ကူးမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ရပ်ကွက် ၁ နဲ့ ၂ တို့ရှိ အိမ်ခြေ ၁၅၀ ခန့် မီးလောင်ပျက်စီးခဲ့ကာ တခြားအဆောက်အအုံထိခိုက်ပျက်စီးမှုတွေလည်းအများအပြားရှိတယ်လို့ အထက်ပါသတင်းတာဝန်ခံက ဆက်ပြောပါတယ်။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက စဉ့်ကူးမြို့ကို သိမ်းပိုက်လိုက်နိုင်ပြီလို့ မြို့ခံတွေနဲ့ တော်လှန်ရေးရဲဘော်တွေဆီက သိရပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ ဒီကနေ့ ဇူလိုင် ၁၉ ရက်အထိ တရားဝင်သတင်းထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး။

 

စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်စဉ်ကာလအတွင်း စဉ့်ကူးမြို့ပေါ်နဲ့ အနီးအနား ကျေးရွာတွေက လူဦးရေ ၂၀,၀၀၀ ဝန်းကျင် ဘေးလွတ်ရာကို တိမ်းရှောင်နေရကြရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

ဓာတ်ပုံ – MDY PDF