မြန်အောင်မှာ မြစ်ရေကြီးလို့ လူနေအိမ်တွေနစ်မြုပ်ကာ အကူအညီမဲ့နေ


မြန်မာပြည်အထက်ပိုင်းကဆင်းလာတဲ့ ဧရာဝတီမြစ်ရေဟာ ဧရာ၀တီတိုင်း၊ မြန်အောင်မြို့နယ်သို့ရောက်ရှိလာပြီး လူနေအိမ်တွေထဲရေဝင်လို့ အဲဒီကဒေသခံတွေ ရေဘေးကြုံတွေ့နေရတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

 

ပြီးခဲ့တဲ့ဇူလိုင်လ ၆ ရက်နေ့က မြစ်ရေမြင့်တက်လာခဲ့ပြီးနောက် ဇူလိုင် ၁၂ ရက်နေ့မှာ ကျေးရွာတွေထဲအထိ စတင်၀င်ရောက်လာတာဖြစ်ပြီး လတ်တလော နေအိမ်တွေနစ်မြုပ်စေတဲ့အထိ ဆိုးရွာလာတာဖြစ်တယ်လို့ ဒေသခံများက ဆိုပါတယ်။

မြန်အောင်မြို့မှာ လူမှုကူညီရေးအဖွဲ့တွေ မရှိတာကြောင့် ရပ်ကွက်အတွင်းရှိ ငွေကြေးတတ်နိုင်သူတွေက စားဝတ်နေရေးအခက်အခဲဖြစ်နေသူတွေကို တတ်နိုင်သလောက် ကူညီပေးတာမျိုးပဲရှိတယ်လို့ ငါးဘတ်ချောင်းရွာနေ ကိုသော်ဇင်အောင်က CJ Platform သို့ ပြောပါတယ်။

 

“လာရောက်လှူဒါန်းသူက မရှိကြပါဘူး။ ရပ်ကွက်က တတ်နိုင်သူတွေကတော့ ထမင်းထုပ်လေးတွေ ကူညီပေးကြတယ်။ မြုပ်နေတဲ့အိမ်က ပစ္စည်းတွေကိုတော့ ရသလောက် ရွှေ့ပြောင်းပေးတာမျိုး လုပ်ပေးပါတယ်” လို့ ၎င်းက ပြောပါတယ်။

 

မြစ်ရေဟာ အရင်နှစ်တွေက အခြေအနေထက်ဆက်လက်မြင့်တက်လာနိုင်ခြေရှိလို့ အကူအညီတွေ လိုအပ်နေတယ်လို့လည်း ရွှေကျင်ကျေးရွာနေသူတစ်ဦးက ပြောပါတယ်။

 

“သုံးနှစ်မှာ တစ်ကြိမ် မြစ်ရေကြီးတယ်။ ဝါထပ်နှစ်ဆို ပိုကြီးတယ်။ အခုအခါကတော့ အရင်အခါတွေကလောက် မဆိုးသေးဘူး။ ဒါပေမဲ့ အခုလည်းမြုပ်နေပါပြီ။ နောက်ရက်တွေဆက်တက်ရင်တော့ အရင်နှစ်တွေကထက်ကို ပိုဆိုးသွားနိုင်တယ်” လို့ ၎င်းက ပြောပါတယ်။

ဧရာဝတီမြစ်ဘေးတစ်လျှောက်ရှိ မြန်အောင်မြို့နယ်ရဲ့ ကနောင်၊ ငါးပိဆိပ်၊ ရေလဲ၊ ငါးဘတ်ချောင်း၊ ရွှေကျင်၊ ညောင်းဝိုင်းနဲ့ သုံးဆယ်ကျွန်းကျေးရွာတွေဟာ ရေကြီးနစ်မြုပ်မှုဒဏ်ကို သုံးနှစ်လျှင်တစ်ကြိမ် ခံနေကြရတယ်လို့ ဆိုပါတယ်။

 

စစ်ကောင်စီမိုးဇလရဲ့ မြစ်ရေကြီးမှုသတိပေးချက်အနေနဲ့ ဒီကနေ့ ဇူလိုင်လ ၁၉ ရက် မနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေဟာ ဇလွန်နဲ့ ဟင်္သာတမြို့တို့မှာ စိုးရိမ်ရေမှတ်အထက် သုံးပေကျော်စီမြင့်တက်နေပြီး နောက်တစ်ရက်အတွင်း နှစ်လက်မခန့်ပြန်လည်ကျဆင်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

 

ဓာတ်ပုံ – ပေးပို့

 

ပုံစာ- မြန်အောင်မြို့နယ် ကျေးရွာတစ်ခုအတွင်း ရေကြီးနစ်မြုပ်နေမှုကို တွေ့ရစဉ်