ကမ်းပြိုလို့ တစ်ရွာလုံးပြောင်းပြေးရတဲ့ ပန်းတနော်က မြင်းကဒေါင်ရွာ ရေကြီးမှုဒဏ်ပါ ထပ်မံခံစားနေရ


ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်ရှိ မြင်းကဒေါင်ကျေးရွာမှာ မြစ်ကမ်းပါးပြိုလို့ ဆည်မြောင်းတာအနီး တစ်ရွာလုံး ပြောင်းရွှေ့နေခဲ့ရာမှ ယခုအခါ မြစ်ရေကြီးတဲ့အတွက် ရေကြီးမှုဒဏ်ပါခံစားနေရတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

 

ဘဝိုင်းကျေးရွာအုပ်စု၊ မြင်းကဒေါင်ကျေးရွာဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲ မြစ်ကမ်းပါးပြိုကျတာကြောင့် ရွာလုံးကျွတ်ပြောင်းရွှေ့ခဲ့ရတာပါ။

“အနီးအနားကရှိတဲ့သူတွေနဲ့ပဲ ပြောင်းခဲ့ကြတာ။ တာလမ်းဘေးမှာ နေရာပေးလို့ အဲဒီမှာဆောက်နေကြတာလေ။ အခုတော့ ရေဝင်လာလို့ ရေပါမြုပ်နေပြီ” လို့ အဲဒီရွာခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

ယခုပြောင်းရွှေ့နေရာမှာ ရေကြီးနစ်မြုပ်နေတာကြောင့် နေအိမ်တွေအပေါ် ဆင့်ထိုးနေထိုင်နေကြရတဲ့အပြင် သောက်သုံးရေအခက်အခဲဖြစ်နေပေမဲ့ အကူအညီမဲ့နေတယ်လို့ ၎င်းက ပြောပါတယ်။

 

စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ဟာ ဒီကနေ့ ဇူလိုင်လ ၁၉ ရက်မှာ အဲဒီရွာဘေးက လက်ပန်တန်းကျေးရွာကိုရောက်ရှိခဲ့ပေမဲ့ မြင်းကဒေါင်က ပြောင်းရွှေ့နေထိုင်သူတွေဆီကို မဝင်တဲ့အပြင် ဘာအကူအညီမှလည်းမပေးခဲ့ဘူးလို့ သိရပါတယ်။

ဒါ့အပြင် မြင်းကဒေါင်ရွာက သာသနဝေပုလ္လဘုန်းတော်ကြီးကျောင်းနဲ့ ဘုရားစေတီတို့လည်း ဒီဇင်ဘာလအတွင်း မြစ်ကမ်းပါးပြိုမှုကြောင့် ရေထဲပါသွားခဲ့ပြီး အဲဒီက ဘုန်းကြီးနဲ့ လူများကို လက်ပန်တန်းကျေးရွာဘက်သို့ အလှူရှင်အကူအညီနဲ့ ပြောင်းရွှေ့နေထိုင်ခဲ့ပေမဲ့ ယခုအခါ ၎င်းတို့လည်း မြစ်ရေကြီးမှုဒဏ်ကို ခံစားနေရတယ်လို့ သိရပါတယ်။

အဲဒီရွာ မြစ်ကမ်းပါးစတင်ပြိုစဉ်က စစ်ကောင်စီရဲ့ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေ လာရောက်ကြည့်ရှုခဲ့ပြီး ပြောင်း‌ရွှေ့ရတဲ့အိမ်တွေကို စစ်ကောင်စီရဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးဌာနမှ တစ်အိမ်ကို တစ်သိန်းကျပ် ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

 

ရန်ကုန်-ပုသိမ်ကားလမ်းမအနီးမှာရှိတဲ့ မြင်းကဒေါင်ကျေးရွာမှာ အိမ်ခြေ ၆၀ ခန့်ရှိပါတယ်။

 

ဓာတ်ပုံ – CJ