ညောင်တုန်း ၁၂လမ်းတာ ရေစိမ့်နေပြီး တာကျိုးပေါက်မည်ကို မြို့ခံတွေစိုးရိမ်


ပန်းလှိုင်မြစ်ရေ တိုးလာချိန်တွင် ညောင်တုန်းမြို့ မြို့ပတ်တာရှိ ၁၂လမ်းတာမှာ ရေစိမ့်ဝင်မှုတွေ ဖြစ်ပေါ်နေပြီး တာကျိုးပေါက်ကာ မြို့တွင်း ရေဝင်နစ်မြုပ်မှာကို ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

ဇူလိုင် ၁၆ရက်နေ့ ညပိုင်းကနေ စတင်ပြီး တာဘောင်ပေါ်ရှိ ကွန်ကရိ မြေထိန်းနံတွေအကြားကနေ ရေစိမ့်ဝင်နေတာဖြစ်ပြီး ဇူလိုင် ၁၇ရက်နေ့မှာတော့ သိသာစွာ တာတွင်းကိုပါ ရေဝင်ရောက်မှုတွေ ဖြစ်လာခဲ့တာပါ။

“စိတ်ညစ်တာပေါ့ ဘာကစလုပ်ရမှန်းမသိဘူး တန်ဖိုးကြီးတဲ့ဟာတွေတော့ အပေါ်ထပ်ကိုတင်ထားတယ် အနိမ့်ပိုင်းမှာရှိတဲ့သူတွေဆိုရင် မတွေးရဲစရာပဲ စိတ်ဓာတ်ကျတာတော့ အမှန်ပဲ”လို့ မြို့ပေါ်နေ အမျိုးသမီးတစ်ဦးက CJ Platform ကိုပြောပါတယ်။

မြို့ကို ထိန်းချုပ်ထားတဲ့ စစ်ကောင်စီကတော့ ဇူလိုင် ၁၅ရက်နေ့မှာ ရေဘေးကာကွယ်ရေးအတွက် အစည်းအဝေးခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ တာရေစိမ့်ဝင်မှု ဖြစ်ပေါ်လာတဲ့ ဇူလိုင် ၁၇ရက်နေ့မှာတော့ မြစ်ရေကြီးမှုကာကွယ်ရေးအတွက် မြို့ပေါ်မှာ အသိပေး လက်ကမ်းစာဆောင်တွေကို လိုက်လံဖြန့်ဝေနေခဲ့ပြီး ရေစိမ့်နေတဲ့ တာဘောင်အနီးကိုတော့ သဲအိတ်တွေနဲ့ ကာရံမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“ ဖော်ရှိုးတွေ လုပ်နေကြတာများတယ် လူကြီးလာမယ့်နေ့တုန်းက ပေအမှတ်တွေ တိုင်စိုက်ထားသေးတယ် လူကြီးလဲပြန်သွားရော မရှိတော့ဘူး၊ ရေစိမ့်တာတောင် လိုင်းပေါ်မှာ တော်တော်များများတက်လာမှ သဲအိပ်ကာတာတွေသွားလုပ်ကြတာ” လို့ အဲဒီမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

ပန်းလှိုင်မြစ်ရေဟာ မြို့ရဲ့ စိုးရိမ်ရေမှတ်ဖြစ်တဲ့ ၂၂ဒဿမ၅ ပေ အထက်ကျော်လွန်နေပြီး မနေ့က ဇူလိုင် ၁၈ရက်နေ့ နေ့လယ် (၁)နာရီ တိုင်းတာချက်တွေအရ အန္တရာယ်ရေအမှတ် ၂၄ဒဿမ၅ ပေကို ရောက်ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ညောင်တုန်းမြို့ရဲ့ မြစ်ကမ်းထိန်းတာ နံရံအမြင့်ဟာ ပေ ၃၀ ကျော်ရှိပြီး လက်ရှိမှာတော့ တာကျိုးပေါက်မှု ဖြစ်စဉ်သာ မဖြစ်ပွားပါက မြို့တွင်း ရေဝင်ရောက်မှာကို စိုးရိမ်ရဖွယ် မရှိသေးဘူးလို့ သိရပါတယ်။

 

 

ဓာတ်ပုံ – ထိုက်စံ၊ ရွှေဒုံးမြေ

 

ပုံစာ – ညောင်တုန်းမြို့ပတ်တာ ရေစိမ့်ဝင်ရောက်မှုကို ပြင်ဆင်နေပုံ