ထိုင်းမှာ တရားဝင်လိင်တူလက်ထပ်ခွင့်ရဖို့ အလွန်နီးစပ်၊ ဘုရင့်နန်းတော် အတည်ပြုရန်ကျန်

Author အဂ္ဂ
Categories
Published on Jun 19, 2024

ထိုင်းအထက်လွှတ်တော်ဟာ လက်ထပ်ထိမ်းမြှားခြင်းဆိုင်ရာတန်းတူညီမျှရေး ဥပဒေမူကြမ်းကို အင်္ဂါနေ့ ဇွန် ၁၈ ရက်နေ့မှာ အပြီးသတ်အတည်ပြုလိုက်ပြီဖြစ်တယ်လို့ ဒေသတွင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

ဒါကြောင့် ထိုင်းနိုင်ငံဟာ လိင်တူချစ်သူတွေကို အသိအမှတ်ပြုတဲ့ အာရှတိုက်အတွင်းက နိုင်ငံတွေစာရင်းမှာ နီပေါ၊ ထိုင်ဝမ်တို့ပြီးတဲ့နောက် တတိယမြောက်နိုင်ငံလည်း ဖြစ်လာခဲ့ပါတယ်။

 

အဆိုပါ ဥပဒေမူကြမ်းကို လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ရာမှာ ထောက်ခံမဲ (၁၃၀)၊ ကန့်ကွက်မဲ လေးမဲ၊ ကြားနေမဲ (၁၈) မဲနဲ့ ဥပဒေကိုအတည်ပြုနိုင်ခဲ့တာလို့လည်း သိရပါတယ်။

 

လတ်တလော ဥပဒေကို တော်ဝင်ခွင့်ပြုမိန့်ရဖို့အတွက် ဘုရင့်နန်းတော်ဆီကို ပို့ဆောင်ထားပြီး တော်ဝင်ဂေဇက် (Royal Gazette)မှာ တရားဝင်ထုတ်ပြန်ပြီးတဲ့နောက် ရက်ပေါင်း (၁၂၀)ကျော်တာနဲ့  ဥပဒေက စတင်အသက်ဝင်မှာဖြစ်ပါတယ်။

 

ထိုင်းနိုင်ငံဟာ လိင်တူချင်းလက်ထပ်တာကိုခွင့်ပြုတဲ့ဥပဒေကို အတည်ပြုခဲ့တဲ့ ပထမဦးဆုံးသော အရှေ့တောင်အာရှနိုင်ငံဖြစ်တာကြောင့် “ဒါဟာ ကြီးမားတဲ့ ခြေလှမ်းသစ် တစ်ခုဖြစ်တယ်” လို့ လိင်စိတ်ခံယူမှုကွဲပြားသူများ(LGBTQ+)အသိုင်းအဝိုင်းက တက်ကြွလှုပ်ရှားသူတွေက ဆိုကြပါတယ်။

 

ထိုင်းနိုင်ငံဟာ အရင်ကတည်းက LGBTQ+ အသိုင်းအဝိုင်းရဲ့ ယဉ်ကျေးမှုတွေကို လွတ်လပ်ခွင့်ပေးထားပြီး နားလည်လက်ခံပေးတာကြောင့် ခရီးသွားတွေကြား ရေပန်းစားတဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။

 

“ဒါဟာ ဒေသတွင်းမှာ ကျား/မ တန်းတူညီမျှမှုနဲ့ လူ့အခွင့်အရေးတွေကို မြှင့်တင်တဲ့ကိစ္စရပ်တွေမှာ ထိုင်းနိုင်ငံရဲ့ ဦးဆောင်မှုကို ပိုပြီးအလေးသာစေပါလိမ့်မယ်” လို့ အိမ်ထောင်ရေးညီမျှမှုဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်၊ တက်ကြွလှုပ်ရှားသူတွေနဲ့ LGBTQ+ စုံတွဲတွေက မှတ်ချက်ပြုကြပါတယ်။

 

လက်ထပ်ထိမ်းမြှားခြင်းဆိုင်ရာ တန်းတူညီမျှရေး ဥပဒေမူကြမ်းကို လွှတ်တော်မှာ အခုလို အတည်ပြု ပြဋ္ဌာန်းလိုက်နိုင်တာဟာ နိုင်ငံရေးသမားတွေနဲ့ လူ့အခွင့်အရေးသမားတွေရဲ့ ဆယ်စုနှစ်နဲ့ချီ တိုက်ပွဲဝင်ခဲ့မှုရဲ့ အောင်မြင်မှု အထွဋ်အထိပ်လို့ ဆိုနိုင်ပြီး အရင်က မူကြမ်းတွေဆိုရင် လွှတ်တော်ကိုတောင် တင်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

 

ဇွန်လ အစပိုင်းရက်တွေမှာ LGBTQ+ တွေနဲ့ တက်ကြွလှုပ်ရှားသူထောင်ပေါင်းများစွာဟာ Pride Month ကို ဂုဏ်ပြုတဲ့အနေနဲ့ ဘန်ကောက်မြို့က လမ်းမတွေပေါ်မှာ ချီတက်လမ်းလျှောက်ပွဲ ဆင်နွှဲခဲ့ကြသလို ထိုင်း ဝန်ကြီးချုပ် ဆရက်သာကလည်း သက်တံ့ရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ပြီး ချီတက်ပွဲကို ပူးပေါင်း ဆင်နွှဲခဲ့ပါသေးတယ်။

 

ဝန်ကြီးချုပ်ဟာ ဥပဒေအတည်ပြုလိုက်နိုင်ခြင်းကို ဂုဏ်ပြုတဲ့အနေနဲ့ အစိုးရအိမ်တော်ကို ဖွင့်လှစ်ပေးမှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဥပဒေကို ထောက်ခံသူတွေကလည်း လွှတ်တော်ကနေ ဝန်ကြီးချုပ်ရုံးအထိ ဂုဏ်ပြုချီတက်ပွဲတစ်ပွဲကိုလည်း ဆင်နွှဲဖို့ရှိတယ်လို့လည် သိရပါတယ်။

 

ထိုင်းဝန်ကြီးချုပ်ကတော့ လက်ရှိမှာ Covid-19 ရောဂါကို ခံစားနေပြီး ရက်အတော်ကြာ အနားယူရဦးမှာဖြစ်တဲ့အတွက် အဆိုပါ ချီတက်ပွဲကို အွန်လိုင်းကနေပဲ ပူးပေါင်းပါဝင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

 

ဓာတ်ပုံ- Reuters

 

ကိုးကား- Bangkok Post