လူငယ်တွေ ပြည်ပထွက်ခွင့် ပိတ်လိုက်တဲ့နောက် ဘာတွေဖြစ်ကုန်လဲ

Author Gold
Categories
Published on May 19, 2024

စစ်ကောင်စီဟာ အသက် (၁၈)နှစ်ကနေ (၃၅)နှစ်အတွင်း လူငယ်တွေကို ပြည်ပထွက်ခွာခွင့် ပိတ်လိုက်ပြီးတဲ့နောက်မှာ စစ်ကောင်စီထိန်းချုပ်မှုအောက်မှာ မနေလိုတဲ့ လူငယ်တွေ ဘာတွေ ကြုံတွေ့နေရပါသလဲ CJ Platform ရဲ့ အပတ်စဉ် အစီစဉ်လေးဖြစ်တဲ့ “ဒုက္ခအတိတွေ့နေသူများ၏ တီးတိုးသံ” ကဏ္ဍကနေ ဖော်ပြလိုက်ပါတယ်။

****************************************

 

“မဟုတ်ရင်တော့ ရွေးစရာက တစ်လမ်းပဲကျန်တော့တယ်”

 

ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှ လူငယ်တစ်ဦး

 

စစ်ကောင်စီက ပြည်ပထွက်ခွာခွင့်တွေ ပိတ်လိုက်တော့ တိုင်ပတ်(ဒုက္ခရောက်)တဲ့ လူငယ်တွေက အများအပြားပေါ့ဗျာ။ လူငယ်တွေက အစက စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်ဖို့ စဉ်းစားနေကြတာ။ အဲဥပဒေကြောင့် အစက ရွေးချယ်စရာကတော့ သုံးမျိုးရှိမယ်ပေါ့လေ။ စစ်ကောင်စီ ပြဌာန်းသလို သူတို့အောက် စစ်မှုထမ်းမလား။ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ၊ တိုင်းရင်းသား လွတ်မြောက်နယ်မြေတွေအောက် သွားပြီး စစ်ကောင်စီကို ပြန်တော်လှန်မလား။ ပြည်ပထွက်ခွာ အလုပ်လုပ်မလား၊ ပညာသင်ကြမလားပေါ့။

 

အဲကတည်း ပြည်ပထွက်ခွာသွားနိုင်တဲ့ သူတွေကတော့ ကံကောင်းတာပေါဗျာ။ ခုတစ်ခါ မကြာသေးဘဲ ၁၈ နှစ်ကနေ ၃၅ နှစ်အောက် အမျိုးသားတွေကို ပြည်ပထွက်ခွာအလုပ်လုပ်ခွင့် ကန့်သတ်တယ်ဆိုပြီး ထပ်လုပ်တယ်။ အကြောင်းအရင်းကိုတော့ သေချာပေးတာမျိုးမရှိဘူးပေါ့ဗျာ။ သတင်းမီဒီယာတွေ ကလည်းဖော်ပြကြပေမဲ့ ကျွန်တော် နားလည်တာကတော့ စစ်မှုထမ်းဥပဒေကို မဖြစ်မနေ အသက်သွင်းပြီး အကောင်အထည်ဖော်ချင်လို့ ထွက်လမ်းမရှိအောင် လုပ်လိုက်တာလို့မြင်တယ်။

 

အဲတော့ သူတို့ (စစ်ကောင်စီ) ရဲ့ ကန့်သတ်ချက်တွေ‌အောက် ဝင်ကုန်တဲ့ သူတွေ၊ အထူးသဖြင့် အခြားသောနိုင်ငံ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ စင်ကာပူ၊ မလေး၊ လာအို စသည်ဖြင့်ပေါ့ဗျာ။ သွားပြီး အလုပ်လုပ်မဲ့သူတွေ တိုင်ပတ်ကုန်တယ်။ ကျွန်တော်အပါအဝင်ပေါ့ဗျာ။

 

ဒါပေမဲ့ MoU နှစ်နိုင်ငံ သဘောတူညီမှု စနစ်နဲ့သွားတဲ့ သူတွေထဲမှာဆိုရင် ကိုရီးယား သွားမဲ့သူတွေက အဆင်ပြေတယ်ပြောရမယ်။ ကိုရီးယားနဲ့စာရင် တခြားနိုင်ငံတွေက ခက်မယ်။ ခုတော့ ကိုရီးယားစာမေးပွဲဖြေဖို့ စောင့်နေတာ။ဒါပေမဲ့ ဘယ်လိုတွေဖြစ်လာမယ်ဆိုတာတော့ ဘယ်သူမှ ကြိုသိနိုင်တာလည်းမဟုတ်ဘူးလေ။ ဘုရားတနေရတာပဲ အဆင်ပြေပြေဖြစ်သွားဖို့။ မဟုတ်ရင်တော့ ရွေးစရာက တစ်လမ်းပဲကျန်တော့တယ်။ အဲ့ကျရင်လည်း တုံးကိုက်ကိုက် ကျားကိုက်ကိုက်ပဲ။

****************************************

 

“စစ်မှုထမ်းဖို့ ကိုယ့်များ ဘယ်တော့ လာခေါ်မလဲ လာဆွဲမလဲဆိုတဲ့ ကြောက်စိတ်ကြီးလည်းရှိနေတယ်”

 

ပြည်မြို့မှ လူငယ်တစ်ဦး

 

စစ်တပ်က ပြည်ဝင်ခွင့် ထွက်ခွာခွင့်တွေနဲ့ ပတ်သက်ပြီး လူငယ်တွေကို ပြည်ပထွက်ခွာခွင့် ပိတ်တယ်ဆိုတာ ကြားကြားချင်း စိတ်ပျက်မိတာပေါ့နော်။ တစ်နှစ်ပတ်လုံးကို ဒီနိုင်ငံက ဘယ်လိုမှ အဆင်မပြေလို နိုင်ငံခြားကိုထွက်ပြီး အလုပ်လုပ်မယ်လို့ ရည်မှန်းပြီးတော့ ကြိုးစားနေတဲ့အချိန်မှာ သူတို့က(စစ်ကောင်စီ) လူငယ်တွေ ပြည်ပထွက်ခွာခွင့်ပိတ်လိုက်ပြီဆိုတာ ကြားတော့ တော်တော်လေးကို စိတ်ပျက်ပြီးတော့ အဓိကက စိတ်ဓာတ်ကျတာ လုံးလုံးလျားလျားကို စိတ်ဓာတ်တွေကျသွားတာ ။

 

ဒီမှာက လုံးဝ အဆင်မပြေဘူးလေ ကိုယ့်မှာ မိသားစုနဲ့ အိမ်ထောင်နဲ့ နိုင်ငံခြားကိုထွက်ပြီးပဲ အလုပ်လုပ်မှပဲ ပိုက်ဆံရှာမှပဲ အဆင်ပြေမှာ အဲ့ရည်ရွယ်ချက်နဲ့ ကြိုးစားပမ်းစားလုပ်နေပါတယ်ဆိုမှ သူတို့က ဒီလိုလုပ်တော့ စိတ်ဓာတ်ကျပြီး စစ်မှုထမ်းဥပဒေလည်း ပြဌာန်းထားတာဆိုတော့ ကြောက်လဲကြောက်တာပေါ့ ကြောက်တယ်ဆိုတာ အမှန်တကယ် ပြောရလို့ရှိရင် လုံးဝ စစ်မှုထမ်းမပေးချင်ဘူးကွာ။ အဲ့တော့ နိုင်ငံခြားလည်း ထွက်လို့မရဘူး ထွက်မရတဲ့ အပြင် စစ်မှုထမ်းဖို့ ကိုယ့်များ ဘယ်တော့ လာခေါ်မလဲ လာဆွဲမလဲဆိုတဲ့ ကြောက်စိတ်ကြီးလည်းရှိနေတယ် ခုဆိုရင် လုံးဝကို အဆင်ပြေမနေဘူး ခု စစ်မှုထမ်းဥပဒေကို ပြဌာန်းထားပြီး စစ်ကောင်စီအတွက် စစ်မှုထမ်းပေးရမယ်ဆိုတာကြီးက လုံးဝကို မဖြစ်သင့်ဘူး။

 

အဓိက ဘာတွေရင်းနှီးထားရလဲ ဘာတွေဆုံးရှုံးသွားရလဲဆိုတာကတော့ သူတို့နိုင်ငံကို (ဂျပန်)သွားဖို့ဆို သူတို့စကားတက်ရမယ်လေ အဲ့လေ့လာနေတဲ့ အချိန်တွေကုန်တယ် ပြီးတော့ ငွေပေါ့ စာမေးပွဲကြေးတွေသွင်းရတယ် အဓိက ကတော့ အချိန်နဲ့ ငွေတွေ ဆုံးရှုံးသွားတာပေါ့။

 

သူတို့ထုတ်ပြန်ပြီးပြီးချင်း လူငယ်တွေ လွတ်မြောက်နယ်မြေသွားကြတယ် သူတို့စပြီးသတင်းထုတ်တဲ့အချိန် အမြန်ဆုံးနည်းနဲ့ သွားကြတယ် သူတို့အတွက်စစ်မှုထမ်းဖို့ လူငယ်အင်အားက နည်းသွားတယ်ဆိုတော့ အဲ့လိုလုပ်တာလို့ထင်တယ်။