ဒလမြို့ခံများ သောက်သုံးရေပြတ်လပ်မှုနှင့်ကြုံတွေ့နေ

Author ကိုထက်
Categories
Published on Apr 19, 2024

နှစ်စဉ်နွေရာသီ‌ရောက်တိုင်း ရေပြတ်လပ်မှုနှင့်ကြုံနေရသော ရန်ကုန်မြို့တစ်ဖက်ကမ်းက ဒလမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအချို့တွင် ယခုနှစ် မတ်လလယ်မှစပြီး သောက်သုံးရေအခက်အခဲ ဆိုးဆိုးရွားရွားကြုံတွေ့နေရကြောင်း ယင်းမြို့ခံများက CJ Platform သို့ပြောသည်။

 

ယခုနှစ်အတွင်း အပူချိန်စံချင်တင်မြင့်တက်မှုကြောင့် မြို့နယ်အတွင်းရှိ မိုးရေကန်များ စောစီးစွာခန်းခြောက်မှုများဖြစ်ပေါ်ပြီး ရေချိုမထွက်သည့်အတွက် သောက်သုံးရေအတွက် အလှူရှင်များကို မျှော်နေကြရသည်ဟု ၎င်းတို့က ဆိုသည်။

 

“နှစ်စဉ်တော့ဖြစ်နေကြပါပဲ။ သုံးလပိုင်းလောက်ဆို နေက အရမ်းပူတော့ ကန်တွေက ရေတွေလျော့လာတယ်။ အချိန်ပိုင်းနဲ့ ခပ်ကြတာတော့ရှိတယ်။ စည်ပင်က ရေသွယ်ပြီးပေးပေမဲ့ သောက်လို့မရဘူးဗျ။ တချို့တွေကျတော့လည်း ပိုက်ဆံမတတ်နိုင်တော့ မသုံးကြဘူး။ ကန်ရေကိုပဲ အားထားရတယ်။ နွေရောက်လာပြီဆို ဒလကတော့ ရေပြဿနာကကြုံရတာပါပဲ” ဟု ရာဇသင်္ကြန်ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

 

လက်ရှိတွင် အလှူရှင်များကိုဖိတ်ခေါ်ပြီး သွားရောက်လှူဒါန်းပေးမှုများရှိနေသော်လည်း ကျေးရွာများတွင် ရေအလှူရှင်များ လိုအပ်နေသေးကြောင်း ရှင်သန်မှုကူညီရေးအဖွဲ့က တာဝန်ရှိသူက ဆိုသည်။

 

“ပြီးခဲ့တဲ့ရက်တွေက သွားလှူတယ်ဗျ။ ရေသန့်ဗူးရေ ငါးရာလောက်။ အခုက ရွာတွေဘက်မှာက စည်ပင်က ရေကိုလည်းဝယ်မသုံးနိုင်ဘူး။ ကန်တွေကိုအားထားရတာဖြစ်တဲ့အတွက် ရေကန်တွေခန်းရင် သူတို့မှာက သုံးရေကော၊ သောက်ရေအတွက်ပါ အခက်အခဲဖြစ်တယ်ဗျ။ အလှူရှင်တွေတော့ လိုအပ်နေပါသေးတယ်” ဟု  ရှင်သန်မှုကူညီရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

လက်ရှိတွင် တွံတေးမြို့နယ်မှ ရေကို စည်ပင်မှတစ်ဆင့် သွယ်တန်းပေးထား၍ အသုံးပြုနေရသော်လည်း ယင်းရေသည် သောက်ရေအဖြစ် အသုံးပြု၍မရကြောင်း၊ ထို့ပြင် ငွေကြေးမတတ်နိုင်သည့် မိသားစုများအနေဖြင့်လည်း အသုံးမပြုနိုင်သေးကြောင်း မြို့ခံများထံမှ သိရသည်။

 

ဒလမြို့နယ်အတွင်း သောက်ရေကန် ၃၀၀ ကျော်ရှိသည့်အနက် ယခုနှစ် နွေဦးကာလအတွင်း ကန် ၂၀၀ ကျော်ခန်းခြောက်သွားပြီဖြစ်သကဲ့သို့ အချို့ကန်များမှာ လုံးဝသုံးမရတော့ကြောင်း မြို့ခံများထံမှ သိရသည်။

 

ဒလမြို့နယ်၊ ဓနိတောကျေးရွာတွင် ရေခပ်ရာမှ လူသတ်မှုအထိ ၂၀၁၅ ခုနှစ် နွေကာလအတွင်းဖြစ်ပွားခဲ့ဖူးသည်။

 

၂၀၁၅ ခုနှစ် ဧပြီ ၂၇ ရက်နေ့က ဒလမြို့၊ ခနောင်/ရှမ်းကျေးရွာအုပ်စု၊ ဓနိတောကျေးရွာအတွင်းရှိ ဦးကျော်တင့်ပိုင်ဆိုင်သည့်နေအိမ်တွင် ၁၅ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦး ရေခပ်နေစဉ် ဆဲဆိုခံရရာမှ ရွာခံများနှင့် ပဋိပက္ခဖြစ်ပွားခဲ့ကြသည်။ အပြန်အလှန်ဆဲဆိုပြီးနောက် ခဲများဖြင့် ပစ်ခတ်ရာမှ ရွာသားအချို့၏ တိုက်ခိုက်မှုကြောင့် ဦးကျော်တင့် ညီဖြစ်သူ သေဆုံးခဲ့ပြီး ၎င်းမိခင်နှင့် ညီမတို့ ဒဏ်ရာရခဲ့သည်။

 

ထိုလူသတ်မှုအတွင်း လူပေါင်း ၂၆ ဦးကို တောင်ပိုင်းခရိုင်တရားရုံးတွင် လူသတ်မှုပုဒ်မ ၃၀၂ အပါအဝင် ပုဒ်မ ၁၁၄၊ ၃၂၃၊ ၃၂၆၊ ၄၂၇ တို့ဖြင့် တရားစွဲဆိုခံခဲ့ရပြီး ပြစ်ဒဏ်များအသီးသီးချမှတ်ခံခဲ့ရသည်။

 

ဓာတ်ပုံ – CJ