မိန်းမပျူများပါဝင်သော စစ်ကောင်စီယာဉ်တန်း ရှေ့ပြေးစစ်ကြောင်းကို တိုက်ခိုက်၊ နှစ်ဦးသေဆုံး

Author မင်းထက်
Categories
Published on Apr 19, 2024

အမျိုးသမီးပျူစောထီးအဖွဲ့ဝင်များလိုက်ပါလာသော စစ်ကောင်စီယာဉ်တန်း ရှေ့ပြေးစစ်ကြောင်းကို မကွေးတိုင်း၊ ကမ္မမြို့အထွက်တွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကြောင်း Kamma Under Ground P.D.F တာဝန်ရှိသူတစ်ဦးက CJ Platform သို့ပြောသည်။

 

ယနေ့ ဧပြီလ ၁၉ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် ချင်းပြည်နယ်သို့ရိက္ခာပို့ပြီးပြန်လာသော ယာဉ်အစီးရေ ၆၀ ကျော်ပါ ယာဉ်တန်း၏ ရှေ့ပြေးစစ်ကြောင်းကို ကမ္မအထွက် စကျင်းကုန်းထိပ်၌ မိုင်းပွိုင့် တစ်ပွိုင့်ဆွဲ၍တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

“ရိက္ခာပို့ပြန်လာတဲ့စစ်ကြောင်းပါဗျ။ အခုအတိုက်ခံရတာက ရှေ့ပြေးခြေလျင်ကြောင်းပါ။ အင်အားက ယာဉ်ပေါ်မှာ အင်အားနဲ့ဆိုရင် ၁၅၀ လောက်ရှိပါတယ်ဗျ။ မိန်းမတွေရောပါတယ်ဗျ။ အဲဒါတွေကတော့ ပျူတွေဗျ” ဟု Kamma Under Ground P.D.F တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

တိုက်ခိုက်မှုအတွင်း မျက်မြင်အရ စစ်ကောင်စီတပ်သား နှစ်ဦး ထိခိုက်သေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရရာရခဲ့သည့်အပြင် ထိခိုက်သေဆုံးစာရင်းကို ဆက်လက်စုံစမ်းနေကြောင်း ၎င်းက ပြောသည်။

 

တိုက်ခိုက်ခံရမှုအတွင်း စစ်ကောင်စီတပ်သားများက လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းအဖွဲ့များက အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။ အလားတူ ယင်းအနီးဝန်းကျင်ရှိ  ဒေသခံပြည်သူများမှာလည်း နယ်မြေမတည်ငြိမ်မှုကြောင့် လွန်ခဲ့သော တစ်လခန့်ကတည်းက တိမ်းရှောင်နေခဲ့၍ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုကို Kamma Under Ground P.D.F (ကမ္မ တ.ပ.စ)၊ Pakokku People Defense Force ၊ Black Cobra(Pakokku)၊ MRDF(Myaing)၊ Six Senses Guerrilla Force ၊ People Defense Force-Kamma(ကမ္မ တ. ပ.စ)တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့သည်။

 

ရုပ်သံ – Kamma Under Ground P.D.F