ပါလက်စတိုင်း ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေးအဆို အမေရိကန် ဗီတိုသုံးပယ်ချ

Author လင်းနွေဦး
Categories
Published on Apr 19, 2024

အရှေ့အလယ်ပိုင်းဒေသ ပါလက်စတိုင်းနိုင်ငံ၏ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေး အဆိုပြုချက်ကို အမေရိကန်ပြည်ထောင်စုက ပြီးခဲ့သည့် ဧပြီ ၁၈ ရက် ကြာသပတေးနေ့တွင် ဗီတိုအာဏာအသုံးပြု ပယ်ချခဲ့ကြောင်း နိုင်ငံတကာသတင်းမီဒီယာများတွင် ဖော်ပြချက်အရ သိရသည်။

 

အစ္စရေးထိုးစစ် ရင်ဆိုင်နေရသော ပါလက်စတိုင်းနိုင်ငံအနေဖြင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်လာရုံမျှမက နိုင်ငံတကာအသိအမှတ်ပြုနိုင်ငံတစ်ခုဖြစ်လာစေရေး ရည်မှန်းထားသည်မှာကြာမြင့်နေပြီဖြစ်သော်လည်း ၎င်းတို့၏ တင်ပြမှုကို အစ္စရေးဘက်ကလည်းငြင်းပယ်ထားသည်။

 

ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံအတွင်း ၁၂ နိုင်ငံမှ ပါလက်စတိုင်း၏ အဆိုကို ထောက်ခံခဲ့သော်လည်း အစ္စရေးမဟာမိတ် အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချခဲ့ခြင်းဖြစ်သည်။ ယင်းမဲခွဲဆွေးနွေးပွဲသို့ အင်္ဂလန်နှင့် ဆွစ်ဇာလန်တို့ တက်ရောက်ခဲ့ခြင်းမရှိပေ။

 

“အမေရိကန်ရဲ့ဗီတိုအာဏာဟာ ပါလက်စတိုင်းကို နိုင်ငံတစ်နိုင်ငံအဖြစ်မသတ်မှတ်ကြောင်းဆိုလိုတာမဟုတ်ဘဲ နိုင်ငံတွင်းပါတီတွေကြားမှာ တိုက်ရိုက်ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ဖို့ ပိုပြီးဖြစ်သင့်တယ်မြင်မိတာကြောင့်ပါ” ဟု အမေရိကန်ပြည်ထောင်စု၏ ကုလသမဂ္ဂဆိုင်ရာ ဒုတိယ သံအမတ်ကြီး ရောဘတ်ဝုဒ်က သတင်းမီဒီယာများကို ဖြေကြားသည်။

 

ပါလက်စတိုင်း၊ ဂါဇာဒေသတွင် ခုနစ်လတာကြာဖြစ်ပွားနေသော ဟားမက်စ်-အစ္စရေး စစ်ပွဲကြောင့် ယင်းဒေသတွင် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များ ပိုမိုလိုအပ်လာခဲ့ပြီးနောက် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုအချို့ကို ပါလက်စတိုင်းရရှိခဲ့ပြီးနောက် မဲခွဲပွဲအတွင်း အမေရိကန်၏ မိတ်ဖက်များဖြစ်သော ပြင်သစ်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံများကလည်း ပါလက်စတိုင်း၏ တင်ပြချက်ကို ထောက်ခံသူများအတွင်းပါဝင်လာခဲ့သည်။

 

အဖွဲ့ဝင် ၁၉၃ နိုင်ငံရှိပြီး ဗီတိုအာဏာသုံးစွဲခွင့်မရှိသော ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပါလက်စတိုင်းကို အဖွဲ့ဝင် ၁၉၄ နိုင်ငံမြောက်အဖြစ် နိုင်ငံ ၁၄၀ ခုက ထောက်ခံထားကြသည်ဟု AP သတင်းဌာနတွင် ဖော်ပြသည်။

 

“ဗီတိုအာဏာအသုံးပြုပြီး ပါလက်စတိုင်းရဲ့အဆိုကို ပယ်ချခဲ့လို့ ပျက်ပြယ်ခဲ့ရသည့်တိုင် ကျွန်တော်တို့ရည်မှန်းချက်ကို ရောက်ရှိဖို့ အားထုတ်မှုတွေကို လက်လျော့မှာမဟုတ်ဘဲ နိုင်ငံတစ်နိုင်ငံအဖြစ် အခိုင်အမာရပ်တည်နိုင်ရေး အိပ်မက်ဟာ မကြာခင်ပြည့်ဝတော့မှာလို့ ယုံကြည်ပါတယ်” ဟု ပါလက်စတိုင်း၏ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ရီယတ်ဒ် မန်ဆာက တုံ့ပြန်ပြောဆိုသည်။

 

ယခုကဲ့သို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်လာရေး ပါလက်စတိုင်း၏ အဆိုပြုချက်သည် ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်းကျင်းပသည့် ကုလသမဂ္ဂညီလာခံသို့ ပထမဆုံးအကြိမ်တောင်းဆိုခဲ့ရာတွင် အဓိကစည်းမျဉ်းများထဲကတစ်ခုဖြစ်သော လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံအနက် အနည်းဆုံး ၉ နိုင်ငံမှ ထောက်ခံရမည်ဟူသည့် သတ်မှတ်ချက်ကို မပြည့်မီခဲ့၍ အဆိုပြုမှု မအောင်မြင်ခဲ့ကြောင်း CNN သတင်းဌာနတွင် ဖော်ပြသည်။

 

၇၅ နှစ်ကြာ အစ္စရေး-ပါလက်စတိုင်း နှစ်နိုင်ငံပဋိပက္ခများအတွင်း အဆိုးရွားဆုံးနှင့် အရှည်ကြာဆုံးဖြစ်သော   ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၇ ရက်က ဟားမက်စ်စစ်အုပ်စု၏ ရန်စတိုက်ခိုက်မှုကြောင့် အစ္စရေးအရပ်သား ၁၂၀၀ ကျော်သေဆုံးခဲ့ရသည့်အပြင် အစ္စရေး၏ လက်တုံ့ပြန်မှုကြောင့် ပါလက်စတိုင်းအရပ်သား ၃၇,၀၀၀ ဝန်းကျင်အထိသေဆုံးခဲ့သည့်အနက် သုံးပုံနှစ်ပုံမှာ အမျိုးသမီးနှင့် ကလေးငယ်များဖြစ်သည်။

 

ဓာတ်ပုံ- The New Arab

 

Related News

Depend on news