“ဘူးသီးတောင်-မောင်တောဖြစ်ရပ် ဗိုလ်ချုပ် ဇော်မင်းထွန်းပြောဆိုမှု ကောက်နုတ်ချက် ၁၁ ချက်”
မွတ်ဆလင်လူမျိုးအများစုနေထိုင်တဲ့ ရခိုင်ပြည်၊ ဘူးသီးတောင်-မောင်တောဒေသဖြစ်ရပ်တွေဟာ တစ်ဆင့်တစ်ဆင့်တိုးပြီး လူမျိုးရေးပဋိပက္ခအသွင် ဆောင်လာနေတယ်လို့ ပြောဆိုနေကြပါတယ်။ ပြီးခဲ့တဲ့ မတ်လ လယ်ပိုင်းကစတင်ဖြစ်ပွားလာတဲ့ ဒီဖြစ်စဉ်ဟာ နှစ်ဆန်းတစ်ရက် ဧပြီ ၁၇ ရက်မနက်ပိုင်း အမှတ် (၅) ရပ်ကွက် မီးရှို့မှုနောက်ပိုင်း အထွဋ်အထိပ်ထိရောက်ရှိလာခဲ့ပါတယ်။ အဲဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီဘက်က တစ်ဖက်နဲ့တစ်ဖက် စွပ်စွဲပြောဆိုမှုတွေ ပြုလုပ်နေကြပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဒီနေ့ ဧပြီ ၁၉ ရက်နေ့ထုတ် စစ်ကောင်စီဝါဒဖြန့် သတင်းစာတွေမှာ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းရဲ့ ပြောဆိုမှုတွေထဲက အချက် ၁၁ ချက်ကို CJ Platform သတင်းဌာနက ကောက်နုတ်ဖော်ပြအပ်ပါတယ်။
(၁) ဘူးသီးတောင်၊ မောင်တောဒေသမှာ လူမျိုးရေးပဋိပက္ခဖြစ်ပွားအောင်၊ တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အထင်အမြင်လွဲအောင် တမင်သက်သက် ယုတ်မာတဲ့လုပ်ကြံ ဖန်တီးရေးသားမှုများသာဖြစ်၊
(၂) ဘူးသီးတောင်မြို့ပေါ်မှာ AA ကနေစတင်တိုက်ခိုက်ခဲ့ကတည်းကတိုင် အမှတ် (၅) ရပ်ကွက်မှာ လူနေတာတော်တော်နည်း၊
(၃) ဘူးသီးတောင်မြို့သည် အများအားဖြင့် လူမျိုးရေးပဋိပက္ခနဲ့ပတ်သက်ပြီး ထိန်းထိန်းသိမ်းသိမ်းလုပ်နိုင်တဲ့မြို့ဖြစ်၊
(၄) AA အနေနဲ့ လူမျိုးရေးပဋိပက္ခအသွင်ဆောင်အောင် လုပ်ဆောင်နေခြင်းသာဖြစ်၊
(၅) ယခုဖြစ်ရပ်အပါအဝင် ၁၉၈၈ မောင်တောပဋိပက္ခ၊ ၂၀၁၂ ကျောက်နီမော်နဲ့ မသီတာထွေးဖြစ်ရပ်တို့မှာ စစ်တပ်ဘက်က လူမျိုးရေးပဋိပက္ခ ဘယ်တုန်းကမှ မဖန်တီးခဲ့ဘူးဟုငြင်း၊
(၆) ယခုနှစ်မတ်လ ၁၃ ရက်နေ့မှာ AA အနေနဲ့ ဘူးသီးတောင်မြို့က မွတ်စလင်တွေ ထွက်ခွာသွားဖို့ စာတွေဖြန့်ဝေခဲ့ဟုဆို၊
(၇) မတ်လ ၂၃ ရက်နေ့မှာ AA အနေနဲ့ ညောင်ချောင်း၊ စိမ်းညှင်းပြား၊ ဂူဒါပြင်က မွတ်စလင်တွေကို AA ကို ထောက်ခံကြောင်း တန်ပြန်ဆန္ဒပြဖို့ အတင်းအကျပ်စေခိုင်းခဲ့သလို မလာတဲ့ရွာတွေကို ခြိမ်းခြောက်စာပို့ဟုဆို၊
(၈) ဧပြီ ၁၆ နဲ့ ၁၇ ရက်နေ့တွေမှာ AA အနေနဲ့ ဘူးသီးတောင်တစ်ဝိုက်က မွတ်ဆလင်ရွာတွေကို တစ်ရွာ လူ နှစ်ရာပေးဖို့ အသံချဲ့စက်နဲ့လိုက်အော်ပြီး မပေးရင် ဖမ်းမယ်၊ ပြီးရင်နေရာ ပြောင်းမယ်၊ တပ်ကိုဆန့်ကျင်ဖို့ဆိုတဲ့ ခြိမ်းခြောက်မှုတွေရှိဟုဆို၊
(၉) ကျွန်တော်တို့အနေနဲ့ ဘူးသီးတောင်-မောင်တောဒေသ လုံခြုံမှုရှိစေရေး၊ ဒီဒေသမှာရှိနေတဲ့ တိုင်းရင်းသားများ၊ မွတ်စလင်များ၊ အားလုံးနေထိုင်ကြသူများအနေနဲ့ ပဋိပက္ခများ မဖြစ်ပွားစေရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်နေ၊
(၁၀) AA က သူတို့ကိုယ်သူတို့ Arakan Army လို့ဆိုနေပေမဲ့ ဘူးသီးတောင်-မောင်တောဒေသကသူတွေ လူတိုင်းမေးကြည့်ရင် AA မဟုတ်ဘဲ ADA- Arakan Drug Army လို့ဆိုသလို AA ရဲ့ အဓိကစီးပွားရေးက မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်ရေးလို့ စွပ်စွဲ၊
(၁၁) မူးယစ်ဆေးဝါးဖြန့်တဲ့အဖွဲ့အစည်းကို အားပေးလှုံ့ဆော်တာဟာ ကမ္ဘာမှာ မူးယစ်ဆေးဝါးပြန့်ပွားရေးလုပ်ရပ်များကို အားပေးကူညီနေသူတွေဖြစ်တယ်ဆိုတာကို သိစေချင်တယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသွားပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်