ရွှေဘို ပျူများပစ်ခတ်သည့် လက်နက်ကြီးနှင့် ကျည်ဆံများ ရဲဘော်များအနီး ဖြတ်သော်လည်း ရှောင်ကွင်းသွားဟုဆို

Author လဂွန်းအိမ်
Categories
Published on Apr 19, 2024

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်း ညောင်ကိုင်းကျေးရွာ စာသင်ကျောင်းအတွင်း ပျူစောထီးများပြုလုပ်နေသည့် အစည်းအဝေးပွဲကို ဧပြီ ၁၆ ရက် နံနက်ပိုင်းက ဒရုန်းများဖြင့် တော်လှန်ရေးပူးပေါင်းအဖွဲ့ဝင်များက သွားရောက်တိုက်ခိုက်ခဲ့သည်။

 

ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီလက်ဝေခံ ပျူစောထီးအဖွဲ့ဝင်များဘက်က တော်လှန်ရေးရဲဘော်များကို စက်လက်များ၊ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် ထိုကျည်များမှာ ရဲဘော်များအနီးမှဖြတ်သန်းသွားသော်လည်း ထိခိုက်မှုမရှိခဲ့ကြောင်း ယင်းစစ်ဆင်ရေး၌ ပါဝင်ခဲ့သည့် တော်လှန်ရေးရဲဘော်များက ပြောသည်။

 

“စက်လေးနဲ့ ရမ်းသမ်းပစ်ပါတယ်ဗျ။ ကျည်တွေ ကျွန်တော်တို့ဆီအထိ ရောက်ပေမဲ့ မထိပါဘူး။ ကွင်းသွားပါတယ်ဗျ။ ၆၀(မမ)လက်နက်ကြီးနဲ့ တစ်လုံးထုပါသေးတယ်။ မကွဲပါဘူးဗျ။ ထုလို့ ထွက်တဲ့အသံပဲ ကြားလိုက်ရပါတယ်” ဟု တိုက်ခိုက်မှုအတွင်းပါဝင်ခဲ့သည့် ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ပြောသည်။

 

အညာဒေသ တော်လှန်ရေးပူးပေါင်းအဖွဲ့သည် တိုက်ခိုက်မှုမပြုလုပ်မီ နှစ်ရက်ခန့်က သတင်းကြိုရသဖြင့် သေချာပြင်ဆင်ပြီးနောက် သင်္ကြန်အတက်နေ့ ဧပြီ ၁၆ ရက် နံနက် ၈ နာရီ ၂၀ မိနစ်ခန့် ယင်းဒေသ ပျူစောထီးခေါင်းဆောင်များအပါအဝင် ပျူများစုဝေးနေချိန်တွင် တိုက်ခိုက်နိုင်ခဲ့သည်ဟု Project Flight Drone တပ်ဖွဲ့တာဝန်ခံ ကိုသုတက ဆိုသည်။

 

“သတင်းရတာကတော့ လွန်ခဲ့တဲ့နှစ်ရက်ကတည်းကပဲ။ ကျွန်တော်တို့နေရာ၊ အချိန်သိရတာနဲ့ စစ်ရေး Mission ကို ဆွဲတာပါ။ ညောင်ကိုင်းပျူရွာမှာ သူတို့စုစည်းတာသိရတာနဲ့ လုပ်ဖြစ်ခဲ့တာ” ဟု ယင်းတပ်ဖွဲ့ တပ်ရင်းမှူးလည်းဖြစ်သည့် ၎င်းက CJ Platform သို့ပြောသည်။

 

Fixed Wings နည်းပညာဒရုန်းနှစ်စင်း၊ Multirotor ဒရုန်းနှစ်စင်းတို့ဖြင့် ဗုံးသီး ခုနစ်လုံးချတိုက်ခိုက်ခဲ့ရာ ယင်းရွာမှ ပျူစောထီး နှစ်ဦး သေဆုံးသည့်အပြင် တည်သီးတောရွာမှ ပျူ တစ်ဦး အပြင်းအထန်ဒဏ်ရာရခဲ့သည်ဟု ၎င်းက ဆိုသည်။

 

အဆိုပါတိုက်ခိုက်မှုအပြီး စစ်ကောင်စီဘက်က လက်နက်ကြီး/ငယ်များဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သော်လည်း ကြားတွင်ပြည်သူများရှိနေ၍ တော်လှန်ရေးအင်အားစုများဘက်က ပြန်လည်ပစ်ခတ်ခွင့်မသာခဲ့ကြောင်း ကိုသုတက ပြောကြားသည်။

 

အဆိုပါတိုက်ခိုက်မူကို ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရွှေဘို၊ Project Flight(Fight for Democracy)ဒရုန်းတပ်ဖွဲ့၊ SHAR HTOO WAW နည်းပညာတပ်ဖွဲ့ Team 6 Drop For Justice-DFJ၊ ‘မ’တစ်ထောင်(တစ်ကောင်ဘွား)-ဒီပဲယင်းအဖွဲ့၊ Young Ni-SHWEBO ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Fight for Freedom အဖွဲ့၊ ဗိုလ်ဂျပန်ကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Buffalo Soldiers Freedom Force ၊ Magic Dragon တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။

 

ဓာတ်ပုံ – Project Flight