မြောင်းမြအကျဉ်းထောင်မှ အကျဉ်းသားသုံးဦး အုတ်ရိုးကျော်ကာ ထွက်ပြေး

Author စကားဝါ
Categories
Published on Apr 19, 2024

ဧရာဝတီတိုင်း မြောင်းမြမြို့နယ် မြောင်းမြအကျဉ်းထောင်တွင် ဧပြီ ၁၈ရက်နေ့ ညပိုင်းက အကျဉ်းသားသုံးဦး အုတ်ရိုးကျော်ကာ ထွက်ပြေးခဲ့ပြီး အကျဉ်းဦးစီးဌာန တာဝန်ရှိသူများမှ ပြန်လည် ဖမ်းဆီးမိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

ယင်းနေ့ ညနေ ထောင်ပိတ်ချိန်တွင် မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ်ကျခံနေရသူ အကျဉ်းသားနှစ်ဦးနှင့် မုဒိမ်းမှုဖြင့် ထောင်ဒဏ်ကျခံနေရသူ အကျဉ်းသားတစ်ဦးမှာ ထောင်အုတ်ရိုးကို ကျော်၍ ထွက်ပြေးရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

 

“အုတ်ရိုးကျော်ထွက်တာ တစ်ယောက်က လယ်ကွင်းထဲမှာ မိတယ်၊နှစ်ယောက်က အုတ်ရိုးဆူးတွေကြားထဲမှာ ပြန်မိတယ်၊ အုတ်ရိုးနားမှာ မိတဲ့တစ်ယောက်က အုတ်ရိုးပေါ်က ပြုတ်ကျပြီး လက်ကျိုးသွားတယ်”ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

 

ထောင်ဖောက်ထွင်းမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ ပစ်ခတ်မှုအချို့ လုပ်ဆောင်ခဲ့သေးပြီး ထောင်တွင်း တင်းကြပ်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

 

“သေနတ်သံ လေးချက်ကြားလိုက်တယ်၊ လိုက်မေးတော့ ထောင်ဖောက်တာလို့ ပြောတယ်”ဟု ဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။

 

ရာဇဝတ်အကျဉ်းသားများ ထောင်ဖောက်ထွင်းမှုဖြစ်ပွားပြီးနောက် အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများကိုပါ စစ်ကောင်စီမှ ဖိစီးမှုများ လုပ်ဆောင်လာမည်ကို နိုင်ငံရေးအကျဉ်းသားမိသားစုများမှ စိုးရိမ်မှုများ ရှိနေသည်။