မိုးတိမ်တုများ လုပ်ဆောင်ခြင်းကြောင့် ဒူဘိုင်းရေကြီးမှု ဖြစ်တယ်လို့ စွပ်စွဲမှုကို ပညာရှင်တွေက ဘာပြောလဲ
အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တွင် အင်္ဂါနေ့ (ဧပြီလ ၁၆ ရက်) မှစတင်၍ မိုးများသည်းထန်စွာရွာသွန်းကာ လေပြင်းမုန်တိုင်းများတိုက်ခတ်ခဲ့ပြီး နာရီပိုင်းအတွင်းရွာသွန်းသည့် မိုးရေချိန်သည် ပုံမှန်ရွာသွန်းသည့် မိုးရေချိန် တစ်နှစ်ခွဲစာခန့်အထိ ရွာသွန်းခဲ့သဖြင့် ဒူဘိုင်း အပြည်ပြည်ဆိုင်ရာလေဆိပ်အပါအဝင် လမ်းမကြီးများသည် ရေကြီးရေလျှံမှု ကြုံတွေ့နေရသည်ဟု နိုင်ငံခြား သတင်းဌာနများ၏ ဖော်ပြချက်အရသိရသည်။
အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိုမန်နိုင်ငံတွင်လည်း မိုးသည်းထန်စွာ ရွာသွန်းကာ ရေကြီးမှုများကြောင့် အနည်းဆုံး လူ (၂၀)ခန့် သေဆုံးခဲ့ရသည်ဟု သိရသည်။
ယခုကဲ့သို့ မကြုံစဖူးမိုးသည်းထန်စွာ ရွာသွန်းခြင်းသည် မိုးတိမ်တုများဖန်တီးကာ မိုးရွာသွန်းရန် မဆင်မခြင်လုပ် ဆောင်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု လူမှုကွန်ရက်စာမျက်နှာများတွင် ကျယ်ကျယ်လောင်လောင် ထင်ကြေးပေးမှုများလည်း ရှိနေသည်။ သို့သော် ကျွမ်းကျင်ပညာရှင်များကမူ ယခုကဲ့သို့ ဖြစ်ရခြင်းသည် ရာသီဥတု ပြောင်းလဲခြင်းကြောင့်ဖြစ်နိုင်သည်ဟု ဆိုကြသည်။
အောက်တွင်ဖော်ပြထားသော အချက်များသည် ယူအေအီး နှင့် အိုမန်နိုင်ငံတို့တွင် စံချိန်တွင် မိုးရွာသွန်းမှုနှင့် နောက်ဆက်တွဲ ရေကြီးရေလျှံဖြစ်မှုများ၏ အကြောင်းရင်းများကို သိရှိရသလောက် ဖော်ပြထားခြင်းဖြစ်သည်။
ယူအေအီး နှင့် အိုမန်နိုင်ငံတို့တွင် မည်သို့ဖြစ်ပျက်ခဲ့ပါသနည်း။
မိုးသက်မုန်တိုင်းသည် အိုမန်နိုင်ငံအတွင်းသို့ တနင်္ဂနွေနေ့ (ဧပြီလ ၁၄ ရက်)တွင် စတင်ဝင်ရောက်ခဲ့ပြီး အင်္ဂါနေ့တွင်မူ ယူအေအီး အတွင်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့ကာ လျှပ်စစ်မီးများကို ပြတ်တောက်သွားစေပြီး လေကြောင်းခရီးစဉ်များကိုလည်း နှောင့်နှေးစေခဲ့သည်။
ဒူဘိုင်းတွင် မိုးသည်းထန်စွာရွာသွန်းကာ ရေလွှမ်းမိုးမှုများကြောင့် နေအိမ်များရေမြုပ်ကာ လူများလည်း နေအိမ်အတွင်း ပိတ်မိနေခဲ့သကဲ့သို့ ယာဉ်ကြောများအားလုံးလည်း ဗရမ်းဗတာအခြေအနေ ဖြစ်ခဲ့ရသည်။
ယခုကဲ့သို့ မိုးများသည်းထန်စွာရွာသွန်းခြင်းသည် ယူအေအီးတွင် စံချိန်တင်ရွာသွန်းခဲ့ခြင်းဖြစ်သည်ဟု အာဏာပိုင်များကဆိုသည်။
အစိုးရပိုင် WAM သတင်းဌာနကမူ ယခုဖြစ်ရပ်သည် မိုးလေဝသအခြေအနေကို အချက်အလက် စတင်ကောက်ယူခဲ့သည့် ၁၉၄၉ ခုနှစ်မှစတင်၍ ယနေ့အချိန်အထိ စံချိန်တင် မိုးရွာသွန်းမှုဖြစ်ပြီး “သမိုင်းဝင် မိုးလေဝသ အဖြစ်အပျက်” တစ်ခုဟု ခေါ်ဝေါ်ခဲ့သည်။
လူသုံးသန်းကျော်နေထိုင်ရာ ဒူဘိုင်းတွင် အင်္ဂါနေ့ နှောင်းပိုင်းအထိ မိုးရေချိန် (၁၄၂) မီလီမီတာ (၅ ဒဿမ ၅၉ လက်မ) အထိရွာသွန်းခဲ့ပြီး ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင်မူ မိုးရေချိန် (၁၂၇) မီလီမီတာ (၅ လက်မ) နီးပါး ရွာသွန်းခဲ့သည်။ ဒူဘိုင်း၏ တစ်နှစ်ပတ်လုံးရွာသွန်းသည့် ပုံမှန်မိုးရေချိန်မှာ (၆၇) မီလီမီတာ (၃ လက်မ) ခန့်သာ ရှိသည်။
အိုမန်နိုင်ငံတွင် တနင်္ဂနွေနေ့မှ ဗုဒ္ဓဟူးနေ့အထိ လေးရက်တာအတွင်း မိုးရေချိန် (၂၃၀) မီလီမီတာ (၉ လက်မ) ဝန်းကျင် ရွာသွန်းခဲ့သည်ဟု အိုမန်နိုင်ငံအာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။ အိုမန်နိုင်ငံ၏ မြို့တော် Muscat ၏ ပျှမ်းမျှမိုးရေချိန်သည် တစ်နှစ်လျှင် (၁၀၀) မီလီမီတာ (၄) လက်မသာရှိသည်။
ထို့ပြင် အိုမန်နှင့် ယူအေအီးတို့တွင်သာမက ဘာရိန်း၊ကာတာနှင့် ဆော်ဒီအာရေးဗီးယားနိုင်ငံ တို့တွင်လည်း မိုးရွာသွန်းခဲ့သည်ဟု သိရသည်။
ဒူဘိုင်းတွင် မိုးတုရွာသွန်းခြင်းကြောင့် ယခုလိုဖြစ်ရသည်ဆိုသည့် စွပ်စွဲချက်များကို မည်သည့်အရာများက အားပေးလှုံ့ဆော်နေပါသနည်း။
မိုးများ စတင်မရွာသွန်းမီတွင် ဒူဘိုင်း၌ မိုးတိမ်တုများဖန်တီးပေးသည့် ဒြပ်ပစ္စည်းများ လေထုထဲသို့ ထုတ်လွှင့်မည့် လေယာဉ်များသည် ခြောက်ကြိမ် သို့မဟုတ် ခုနစ်ကြိမ်ပျံသန်းခဲ့သည်ဟု ယူအေအီး၏ အမျိုးသားမိုးလေဝသဌာန (NCM) မှ မိုးလေဝသပညာရှင်များ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းများတွင် ဖော်ပြကြသည်။
The Associated Press သတင်းဌာနက စိစစ်ထားသော လေယာဉ်ပျံသန်းမှုလမ်းကြောင်း အချက်အလက်များအရ ယူအေအီး၏ မိုးအတုဖန်တီးမှုနှင့် ဆက်စပ်နေသည့် လေယာဉ်တစ်စင်းသည် တနင်္လာနေ့ (ဧပြီလ ၁၅ ရက်) က နိုင်ငံအနှံ့ပျံသန်းခဲ့သည်ကို တွေ့ရသည်။
၁၉၉၀ ပြည့်လွန်နှစ်များတွင် စတင်အကောင်အထည်ဖော်ခဲ့သည့် မိုးအတုဖန်တီးခြင်းသည် ယူအေအီး၏ ရေရှားပါးမှုကို ဖြေရှင်းရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။
သတင်းများအရ ယူအေအီးသည် မိုးအတုဖန်တီးခြင်းကို တနင်္ဂနွေနေ့နှင့် တနင်္လာနေ့တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အင်္ဂါနေ့တွင် လုပ်ဆောင်ခဲ့ခြင်း မဟုတ်ဟု NCM က ဗုဒ္ဓဟူးနေ့က ပြောခဲ့သည်ဟု သိရသည်။
NCM ၏ လက်ထောက်ညွှန်ကြားရေးမှူးဖြစ်သူ Omar Al Yazeedi က မိမိတို့အဖွဲ့အစည်းသည် မိုးသည်းထန်စွာရွာသွန်းနေစဉ်အတွင်း မိုးအတုဖန်တီးခြင်းများ လုပ်ဆောင်ခဲ့ခြင်းမရှိပါဟု NBC သတင်းဌာနကို ပြောကြားခဲ့သည်။
“မိုးတိမ်အတုဖန်တီးပြီး မိုးအတုရွာစေခြင်းရဲ့ အခြေခံမူတွေထဲက တစ်ချက်ကတော့ မိုးရွာမလာခင် အစောပိုင်းအဆင့်တွေမှာ တိမ်တိုက်တွေဖြစ်ပေါ်လာဖို့ကို ပစ်မှတ်ထားတာပါ၊ အကယ်၍ မိုးသက်မုန်တိုင်းကျနေပြီဖြစ်တဲ့ အခြေအနေမျိုးမှာဆိုရင် မိုးတိမ်အတုဖန်တီးပြီး မိုးအတုရွာစေဖို့အတွက်က နောက်ကျလွန်းနေပါပြီ”ဟု သူက ဖြည့်စွက်ပြောသည်။
ယူအေအီးနှင့် အာရေဗျကျွန်းဆွယ်ရှိ နေရာများတွင် မိုးရွာသွန်းမှုမှာ ဖြစ်တောင့်ဖြစ်ခဲဖြစ်ပြီး အဆိုပါ ဒေသများသည် အများအားဖြင့် ခြောက်သွေ့သောရာသီဥတုနှင့် သဲကန္တာရများအဖြစ် လူသိများသည်။ နွေရာသီတွင် ထိုဒေသများ၏ အပူချိန်သည် ၅၀ ဒီဂရီစင်တီဂရိတ် (၁၂၂ ဒီဂရီဖာရင်ဟိုက်) ထက် ကျော်လွန်နိုင်လေသည်။
ယူအေအီးနှင့် အိုမန်နိုင်ငံတို့တွင် မိုးသည်းထန်စွာ ရွာသွန်းလာမှုကြောင့် ရေကြီးရေလျှံဖြစ်မှုကို ဖြေရှင်းနိုင်မည့် ရေမြောင်းစနစ်များ မရှိသည့်အတွက် ယခုကဲ့သို့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းမများပါ ရေများဖုံးလွှမ်းသွားသည်မှာကလည်း အဆန်းမဟုတ်ပေ။
ရာသီဥတုပြောင်းလဲမှုကြောင့် မိုးသည်းထန်စွာရွာသွန်းမှု ဖြစ်စေသလား။
ယူအေအီး၏ မိုးလေဝသပညာရှင်များနှင့် တာဝန်ရှိသူများက မိုးတိမ်တုဖန်တီးကာ မိုးရွာသွန်းစေခြင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုဖြစ်စေသည်ဆိုသော ထင်မြင်ယူဆချက်များကို ငြင်းဆိုပယ်ချခဲ့သည်။
“မိုးတိမ်အတုတွေကြောင့် ဒါမျိုးဖြစ်တယ်ဆိုရင် သူတို့တွေ အမြဲတမ်း ရေရနေတော့မှာပေါ့၊ လေဖိအားနည်းရပ်ဝန်းမှာသွားပြီး မိုးရေချိန်လက်မ ခြောက်လက်မ (၁၅၂ ဒဿမ ၄ မီလီမီတာ) သွားပြီး ဖန်တီးလို့မရဘူးလေ” ဟု အမေရိကန်နိုင်ငံ၏ အမျိုးသား အဏ္ဏဝါနှင့် လေထုဆိုင်ရာ စီမံခန့်ခွဲရေးဌာန (US National Oceanic and Atmospheric Administration) ၏ သိပ္ပံပညာရှင်အကြီးအကဲဟောင်း Ryan Maue ကဆိုသည်။
ရာသီဥတုဖောက်ပြန်မှုများကြောင့် ပိုမိုဆိုးရွာလာသည့် ပုံမှန်ရာသီဥတုစနစ်ကြောင့်သာ ယခုကဲ့သို့ ရေလွှမ်းမိုးမှုများ ဖြစ်လာနိုင်သည်ဟု ကျွမ်းကျင်ပညာရှင်များက ဆိုကြသည်။
ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဒူဘိုင်းတစ်ဝိုက်ရှိ ပင်လယ်ပြင်များတွင် ထူးထူးခြားခြား ပူနွေးသောရေများကို ဖြစ်ပေါ်စေပြီး ထိုရေများ၏ လေထုအထက်တွင်လည်း အလွန်ပူနွေးသောလေများ ရှိနေကြောင်း သြစတြေးလျ အမျိုးသားတက္ကသိုလ်၏ ရာသီဥတု၊ စွမ်းအင်နှင့် ဘေးအန္တရာယ်ဖြေရှင်းရေးဆိုင်ရာ အင်စတီကျုမှ ဒါရိုက်တာ Mark Howden က ပြောကြားခဲ့သည်။
“ဒီလိုဖြစ်နေတာက ဒူဘိုင်းမှာ ကျွန်တော်တို့မြင်ဖူးသမျှ မိုးရေချိန်တွေထက်ပိုတဲ့ မိုးစက်မိုးပေါက်တွေကို ထိန်းထားနိုင်တဲ့ လေထုပမာဏနဲ့ အငွေ့ပျံနိုင်စွမ်းတွေကိုပါ တိုးပွားစေပါတယ်”ဟု သူကဆိုသည်။
အစီရင်ခံစာများအရ မိုးသည်းထန်စွာရွာသွန်းမှုသည် အာရေဗျကျွန်းဆွယ်ကိုဖြတ်၍ အိုမန်ပင်လယ်ကွေ့သို့ ရက်အတန်ကြာ ရွေ့လျားသွားသည့် အနှေးမုန်တိုင်းတစ်ခုကြောင့် ဖြစ်သည်ဟု သိရသည်။ ထိုမုန်တိုင်းသည် အီကွေတာအနီးမှ ပေါများလှသော အပူပိုင်းဒေသ၏အစိုဓာတ်များကို သယ်ဆောင်လာကာ အာရေဗျကျွန်းဆွယ် ဒေသအနှံ့တွင် ကြီးကြီးမားမား ပြန်လည်ထုတ်လွှတ်သည်ဟု သိရသည်။
အဆိုပါ မုန်တိုင်းသည် ရက်ပိုင်းအတွင်းတွင် ကြိုတင်ခန့်မှန်းထားသည့်အတိုင်း တိုက်ခတ်ခဲ့သည်။
ယခုကဲ့သို့သောကြီးမားသော အပူပိုင်းမုန်တိုင်းများသည် “အရှေ့အလယ်ပိုင်းဒေသအတွက် ရှားရှားပါးပါးဖြစ်ရပ်များမဟုတ်” ဟု ရီးဒင်းတက္ကသိုလ်မှ မိုးလေဝသပညာရှင် Suzanne Gray က ပြောကြားခဲ့သည်။
သူမသည် မကြာသေးမီက လုပ်ဆောင်ခဲ့သည့် ၂၀၀၀ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း တောင်ပိုင်း အာရေဗျ ကျွန်းဆွယ်တွင် ဖြစ်ပွားခဲ့သည့် ထိုကဲ့သို့သော အဖြစ်အပျက်ပေါင်း (၁၀၀) နီးပါးကို ခွဲခြမ်းစိတ်ဖြာထားသည့် လေ့လာချက်တစ်ခုကို ကိုးကားပြောဆိုခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ ဖြစ်ရပ်များသည် မတ်လနှင့် ဧပြီလများတွင် ဖြစ်လေ့ရှိပြီး သူမ၏ ဖော်ပြချက်တွင် ၂၀၁၆ ခုနှစ် မတ်လက ဖြစ်ပွားခဲ့သည့် မုန်တိုင်းသည် နာရီပိုင်အတွင်းတွင် မိုးရေချိန် ၉ ဒဿမ ၄ လက်မ (၂၄၀ မီလီလီတာ) နီးပါး ရွာသွန်းစေခဲ့သည့် အဖြစ်အပျက်လည်း ပါဝင်သည်။
လူသားများက အဓိကပြုလုပ်နေသည့် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် ကမ္ဘာ့အပူချိန်များ မြင့်တက်လာခြင်းသည် ပြင်းထန်သော မိုးရွာသွန်းမှုအပါအဝင် ကမ္ဘာတစ်ဝှမ်းတွင် ရာသီဥတုဆိုးရွားမှုကို ပိုမိုဖြစ်ပေါ်စေသည်ဟု မိုးလေဝသ သိပ္ပံပညာရှင်များက ဆိုသည်။
“မကြာသေးတဲ့ ရက်ပိုင်းအတွင်း UAE မှာ တွေ့ခဲ့ရတဲ့ မိုးကြိုးမုန်တိုင်းတွေကြောင့် မိုးရွာသွန်းမှုတွေဟာ ပူနွေးလာမှုနဲ့ အတူ အားကောင်းလာတာကို တွေ့ရပါတယ်၊ ဘာကြောင့်လဲဆိုတော့ ပိုပြီးပူနွေးတဲ့ ကမ္ဘာကြီးမှာဆိုရင် မိုးကြိုးမုန်တိုင်းကို ပိုမိုအားကောင်းစေတဲ့ အပူစီးကူးမှုဖြစ်စဉ်ကြောင့်ပါ” ဟု အမ်စတာဒမ်ရှိ ဗာဂျယ်တက္ကသိုလ်မှ ရာသီဥတုပြင်းထန်မှုဆိုင်ရာ ပါမောက္ခ Dim Coumou က ပြောကြားခဲ့သည်။
မိုးတိမ်အတုဖန်တီးကာ မိုးရွာစေခြင်းဆိုသည်မှာ အဘယ်နည်း။
မိုးတိမ်အတုဖန်တီးခြင်းသည် ပုံမှန်အားဖြင့် မိုး သို့မဟုတ် နှင်းများ တိုးပွာလာစေရန် ကြိုးပမ်းသည့် ရာသီဥတုကို ပြုပြင်မွမ်းမံသည့် လုပ်ငန်းစဉ်တစ်ခုပင်ဖြစ်သည်။
တိမ်တိုက်များအတွင်းရှိ မိုးရေစက်များသည် သူ့အလိုအလျောက်ဖြစ်လာသည်မဟုတ်ပေ။ ရေငွေ့များက ငွေ့ရည်ဖွဲ့သွားခြင်းဖြစ်ကာ ထိုသို့ ပူးကပ်သွားရန်လည်း စိုစွတ်သော မျက်နှာပြင်တစ်ခုလိုအပ်သည်၊ တိမ်တိုက်တစ်ခုအတွင်းတွင် ငွေ့ရည်ဖွဲ့နျူကလိယဟု ခေါ်သည့် အလွန်သေးငယ်သည့် အမှုန်ကလေးများပါဝင်ပြီး အရာဝတ္ထုများစိုစွတ်ကာ အချင်းချင်း တွယ်ကပ်သွားစေရန်အတွက် အခြေခံအဖြစ် ဆောင်ရွက်ပေးသည်။
မိုးတိမ်တုဖန်တီးခြင်းသည် လေယာဉ်များ သို့မဟုတ် မြေပြင်မှ အမြောက်များဖြင့် လေထုထဲသို့ အမှုန်များကို ထုတ်လွှတ်ကာ စိုစွတ်မှုများ ဖြစ်ပေါ်လာစေရန် နျူကလိယများကို ပိုမိုဖန်တီးခြင်းဖြစ်သည်။ ထိုစိုစွတ်မှုများကြောင့် လေထုထဲရှိအမှုန်များသည် အချင်းချင်းပူးကပ်သွားပြီး ငွေ့ရည်ဖွဲ့ကာ မိုးစက်မိုးပေါက်များဖြစ်သည်အထိ ပမာဏများလာပါက တဖြည်းဖြည်းလေးလံလာပြီး မြေပြင်ပေါ်သို့ မိုးစက်များအဖြစ် သို့မဟုတ် နှင်းများအဖြစ် ပြန်လည်ကျဆင်းလာသည်။
ဖုန်မှုန့်နှင့် အညစ်အကြေးများကဲ့သို့သော သေးငယ်သောအမှုန်အမွှားများသည် မျက်နှာပြင်များကို စိုစွတ်စေရန် ပံ့ပိုးပေးခြင်းဖြင့် တိမ်များဖြစ်ပေါ်ခြင်းနှင့် မိုးရွာသွန်းမှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လေ့ရှိသည်။ Silver iodide သည် တူညီသောလုပ်ဆောင်ချက်ကို လုပ်ဆောင်နိုင်သည် ။ ရေခဲခြောက်ကဲ့သို့သော အရာများကိုလည်း မိုးအတုရွာသွန်းစေရန်အတွက် အသုံးပြုနိုင်သည်။
၁၉၄၀ ခုနှစ်များအတွင်းတွင် တီထွင်ခဲ့သည့် အဆိုပါ မိုးတိမ်တုဖန်တီးခြင်းသည် ကြည်လင်သောကောင်းကင်မှ မိုးရွာရန်ဖန်တီး၍ မရနိုင်သဖြင့် အစိုဓာတ်များထိန်းသိမ်းထားသော တိမ်တိုက်များအတွင်းသို့ ဒြပ်မှုန်များပစ်လွှတ်ကာမိုးများ သို့မဟုတ် အခြားအရာများကို သဘာဝအတိုင်းမဟုတ်သည့် နည်းလမ်းများဖြင့် မြေပြင်ပေါ်သို့ ရွာသွန်းစေခြင်းဖြစ်သည်။
သို့သော် မိုးအတုရွာခြင်းသည် မိုးလေဝသဆိုင်ရာ အစုအဖွဲ့များကြားတွင် အငြင်းပွားဖွယ်ရာ အဖြစ်ရှိနေဆဲဖြစ်ပြီး အငြင်းပွားရသည့် အကြောင်းအရင်းအများစုမှာ မိုးအတုရွာခြင်း၏ လုပ်ဆောင်ချက်သည် အလွန်ကောင်းမွန်သည်ဟု သက်သေပြရန် ခက်ခဲသောကြောင့်ဖြစ်ပြီး ၎င်း၏ နောက်ဆက်တွဲဆိုးကျိုးများကို ရှင်းရှင်းလင်းလင်း မသိရသေးသောကြောင့်လည်း ဖြစ်သည်။
အမေရိကန်အနောက်ပိုင်းနှင့် UAE တို့ကဲ့သို့ မိုးခေါင်ရေရှားဒေသများရှိ အစိုးရများသည် မိုးရွာရန် မျှော်လင့်ချက်ဖြင့် မိုးအတုရွာခြင်းကဲ့သို့သော နည်းပညာများတွင် ရင်းနှီးမြုပ်နှံကြသည်။
အမေရိကန်၊ တရုတ်၊ သြစတြေးလျ၊ ယူအေအီး၊ ဂျာမနီ၊ အိန္ဒိယ၊ မလေးရှား၊ ရုရှားနှင့် မက္ကဆီကိုအပါအဝင် နိုင်ငံပေါင်း (၅၀) ခန့်သည် မိုးအတုရွာခြင်းကို အသုံးပြုကြသည်။
အမေရိကန်ပြည်ထောင်စု ပြန်လည်ထူထောင်ရေးဗျူရိုက ကော်လိုရာဒိုမြစ်တလျှောက် မိုးအတုရွာခြင်း အတွက် ယမန်နှစ်က ဒေါ်လာ ၂ ဒဿမ ၄ သန်း သုံးစွဲခဲ့သည်။ Utah ပြည်နယ်သည်လည်း မကြာသေးမီက ၎င်း၏ မိုးအတုရွာခြင်းအတွက် ဘတ်ဂျက်ကို ဆယ်ဆတိုးခဲ့သည်။
တရုတ်နိုင်ငံသည် စိုက်ပျိုးရေအတွက် မိုးအတုရွာခြင်းကို မကြာခဏ အသုံးပြုသည်။ ၎င်းကို ဘေဂျင်းတွင် ကျင်းပခဲ့သော ၂၀၀၈ အိုလံပစ်ပွဲတော်အတွင်း ကောင်းကင်ယံကို ကြည်လင်နေစေရန် ရည်ရွယ်၍လည်း အသုံးပြုခဲ့သည်။
ဓာတ်ပုံ- Amr Alfiky/Reuters