လွှတ်တော်ခေါ်ပြီးချိန်မှာ မင်းအောင်လှိုင်က ဥပဒေတစ်ခုကို လက်မှတ်ထိုးထုတ်ပြန်လာပြန် တရားခွင်မှာ တရားသူကြီးတွေ ကျမ်းကျိန်တာကို ပယ်ဖျက်

Author CJ Platform
Categories
Published on Mar 19, 2026

တရားရေးဌာနက တရားသူကြီးတွေ နေ့စဉ် တရားခွင်တက်ရောက်ချိန်တိုင်း ကျမ်းကျိန်ရမယ့်ဥပဒေကို ပယ်ဖျက်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က မတ် ၁၈ ရက်မှာ လက်မှတ်ရေးထိုး ထုတ်ပြန်လာပါတယ်။

 

စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ ပြည်ထောင်စုတရားစီရင်ရေးဥပဒေပါ ပုဒ်မ ၂၃၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၂) ကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) က ပယ်ဖျက်ခဲ့တာလည်း ဖြစ်ပါတယ်။

 

စစ်ကော်မရှင် ပယ်ဖျက်လိုက်တဲ့ ဥပဒေ ပုဒ်မ ၂၃ (ဂ)၊ ပုဒ်မခွဲငယ် (၂) မှာ “ရွေးချယ်ခန့်ထားရသည့် တရားသူကြီးများက နေ့စဉ်တရားခွင်တက်ရန် ဆောင်ရွက်ရသည့်အချိန်တွင် တရားခွင်၌ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုရန်အတွက် စီစဉ်ဆောင်ရွက်ရမည်” လို့ ဖော်ပြထားတာလည်း ဖြစ်ပါတယ်။

 

ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို ၂၀၁၀ ခုနှစ်မှာ စတင်ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး တရားသူကြီးတွေ နေ့စဉ် တရားခွင်မှာ ကျမ်းကျိန်ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၉ ခုနှစ်၊ မေ ၁၅ ရက်မှာ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ဒီဥပဒေကို ဖြည့်စွက်ပြဋ္ဌာန်းခဲ့တာလည်း ဖြစ်ပါတယ်။

 

တရားသူကြီးတွေ နေ့စဉ် တရားခွင်မှာ ကျမ်းကျိန်တာကို ပယ်ဖျက်ဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်က စစ်ကော်မရှင် လက်အောက်ခံ နေပြည်တော် ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဒေါ်သင်းသင်းနွဲ့က ဆွေးနွေးတင်ပြခဲ့တာဖြစ်ပြီး တရားရေးဝန်ကြီး ဒေါက်တာသီတာဦးက ပြင်ဆင်ပြဋ္ဌာန်းသင့်တယ်လို့ ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

 

နေ့စဉ် တရားခွင်မှာ တရားသူကြီးတွေ ကျမ်းကျိန်ရတာကို ပယ်ဖျက်လိုက်တာဟာ တရားစီရင်ရေးစနစ်ကို စိတ်တိုင်းကျ လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်အောင် ပြင်ဆင်တာသာဖြစ်တယ်လို့ ရန်ကုန်တိုင်း တရားလွှတ်တော်ရှေ့နေတစ်ဦးက ဝေဖန်ပြောဆိုထားပါသေးတယ်။

 

စစ်ကော်မရှင်ဟာ အတုယောင်ရွေးကောက်ပွဲကို ကျင်းပပြီး ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးကို ခေါ်ယူပြီးဖြစ်ပေမယ့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်ကို တင်ပြတာမရှိဘဲ ဥပဒေတွေကို လက်မှတ်ရေးထိုး ပြဋ္ဌာန်းနေတာပဲ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – Pro-SAC