စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်တာကြောင့် ရေဦးမြို့နယ် ပလဖ အချုပ်ထောင်တာဝန်ခံ အပါအဝင် ၅ ဦးသေဆုံး

Author CJ Platform
Categories
Published on Dec 19, 2025

စစ်ကိုင်းတိုင်း ၊ ရေဦးမြို့နယ်တွင်းတစ်နေရာကို မနေ့က ဒီဇင်ဘာ ၁၈ ရက်နေ့မှာ စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) အချုပ်ထောင် တာဝန်ခံအပါအဝင် ၅ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

စစ်အုပ်စုဟာ မနေ့က ဒီဇင်ဘာ ၁၈ ရက်နေ့ ညနေ ၄ နာရီခွဲခန့်မှာ ရေဦးမြို့နယ်တွင်းကတစ်နေရာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် အခုလိုသေဆုံးမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

 

“ ကံဆိုးတာ သူတို့ဗုံးခိုကျင်းထဲကိုကျပြီး ထိခိုက်သေဆုံးတာဖြစ်သွားတာ ၊ မနေ့ကထိကတော့လေးယောက်ပဲ ဒီနေ့ဒဏ်ရာရတဲ့ထဲက တစ်ယောက်သေဆုံးတော့ ငါးယောက်သေဆုံးဖြစ်ခဲ့တာ” လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဒေသခံတွေရဲ့ပြောကြားချက်အရ စစ်အုပ်စုရဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ရေဦးမြို့နယ် ပလဖ အချုပ်ထောင်တာဝန်ရှိသူဇနီးမောင်နှံ တို့ နှစ်ဦး ၊ ရဲဘော်တစ်ဦးအပြင် အချုပ်သားတစ်ဦးဟာ မနေ့က တိုက်ခိုက်ခံရမှုအတွင်း သေဆုံးခဲ့ရပြီး ဒီကနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့မနက်ပိုင်းမှာ ဒဏ်ရာရ အချုပ်သားတစ်ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။

 

အဲဒီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူတွေလည်းရှိနေတယ်လို့ သိရပြီး သေဆုံးသူတွေရဲ့ အချက်အလက်နဲ့ ပတ်သက်ပြီးတော့ CJ Platform အနေနဲ့ အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့ ညပိုင်းမှာလည်း စစ်အုပ်စုဟာ ရေဦးမြို့နယ်အတွင်းက တာမာတောကျေးရွာရှိ တိုက်နယ်ဆေးရုံကို လေကြောင်းမှ ပေါင် ၅၀၀ ဗုံးကြဲချ တိုက်ခိုက်ခဲ့ပါသေးတယ်။  အဲဒီတိုက်ခိုက်မှုမှာတော့ ဆေးရုံတွင်းရှိသူတွေက ကြိုတင်တိမ်းရှောင်နိုင်ခဲ့တာကြောင့်ထိခိုက်မှုမရှိပေမယ့် ဆေးရုံအဆောင် ၄ ဆောင်ပျက်စီးသွားပြီး ဆေးဝါးပစ္စည်းများ ပျက်စီးခဲ့ရပါတယ်။

 

ဓာတ်ပုံ – ပေးပို့

ပုံစာ – ရေဦးဆေးရုံကို စစ်အုပ်စုက ဒီဇင်ဘာ ၁၇ရက်နေ့မှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးခဲ့ရပုံ