စဉ့်ကူးမြို့နယ်က နယ်မြေအများစုကို စစ်အုပ်စုပြန်လည်ထိန်းချုပ်

Author CJ Platform
Categories
Published on Dec 19, 2025

တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ စဉ့်ကူးမြို့နယ်ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့တဲ့ စစ်အုပ်စုဟာ မနေ့က ဒီဇင်ဘာ ၁၈ ရက်နေ့မှာ မန္တလေး – စဉ့်ကူး -မိုးကုတ်လမ်းပေါ်က လက်ပံလှကျေးရွာနဲ့ စဉ့်ကူးမြို့အထိ ထိန်းချုပ်သွားတယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေဆီက သိရပါတယ်။

 

စစ်အုပ်စုက နိုဝင်ဘာလကုန်ပိုင်းကစပြီး မတ္တရာမြို့နယ်ဘက်ကနေ အင်အားအလုံးအရင်းနဲ့ မန္တလေး – မိုးကုတ်လမ်းမကြီးပေါ်က စစ်ကြောင်းတစ်ကြောင်း ၊ မြို့နယ်အတွင်းက မြစ်ကြောင်းတစ်လျှောက် စစ်ကြောင်းတစ်ကြောင်း စသဖြင့် စစ်ကြောင်းနှစ်ကြောင်းခွဲကာ စဉ့်ကူးမြို့နယ်အတွင်း မြေပြင်စစ်ကြောင်းတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပါ ထိုးစစ်ဆင်လာခဲ့ပြီး မနေ့က ဒီဇင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းမှာတော့ စဉ့်ကူးမြို့နဲ့ လက်ပံလှကျေးရွာအထိ ထိန်းချုပ်သွားတယ်လို့ သိရပါတယ်။

 

“ လက်ပံလှနဲ့စဉ့်ကူးမြို့ရဲ့တောင်ဘက်ကရွာတွေကိုလည်း PDF တွေက အကုန်ဆုတ်ခဲ့ကြပြီ ၊၊လက်ပံလှ အနီးက ပင်လယ်ကြီးအထိသိမ်းသွားပြီးပြီ စဉ့်ကူးမြို့မြောက်ဘက်ကတံတား ( ရတနာသိင်္ခတံတား ) ကိုလည်း သူတို့သိမ်းသွားပြီ” လို့ စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက CJ Platform ကိုပြောပါတယ်။

 

ဒီကနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့မှာတော့ စစ်အုပ်စုဟာ စဉ့်ကူးမြို့နဲ့ လက်ပံလှကျေးရွာအနီးတစ်ဝိုက်ကနေ ဆက်လက်ထိုးစစ်ဝင်ရောက်လာတာမရှိဘူးလို့ သိရပါတယ်။

မန္တလေး PDF နဲ့ ပူးပေါင်းတပ်တွေရဲ့ ရှမ်း-မန်းစစ်ဆင်ရေးအတွင်း သိမ်းပိုက်နိုင်ခဲ့တဲ့ သပိတ်ကျင်းနဲ့ မတ္တရာမြို့နယ်ထဲကနေရာတွေကို စစ်ကောင်စီက ဆက်တိုက်ပြန်ထိန်းချုပ်နေပြီး လက်ရှိမှာ စဉ့်ကူးမြို့ကိုပြန်ထိန်းချုပ်ဖို့ ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။

 

ရှမ်း-မန်း စစ်ဆင်ရေးအတွင်း မန္တလေး PDF တပ်ဖွဲ့တွေနဲ့ ပူးပေါင်းတပ်တွေသိမ်းပိုက်ထားတဲ့ သပိတ်ကျင်းနဲ့ မတ္တရာမြို့နယ်ထဲကနေရာတွေကို စစ်အုပ်စုက ဆက်တိုက်ထိုးစစ်ဆင်ကာ နယ်မြေတွေထိန်းချုပ်ပြီးနောက်အခုလို စဉ့်ကူးမြို့ကိုအခုလို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် လုပ်ဆောင်နေတာဖြစ်ပါတယ်။

 

တစ်ဖက်မှာလည်း စစ်အုပ်စုက မန္တလေး -မိုးကုတ်လမ်းပိုင်းကို သိမ်းပိုက်ဖို့ကြိုးစားလျက်ရှိနေပြီး သပိတ်ကျင်းမြို့နယ်အတွင်းကနေ ထိုးစစ်ဝင်လာတဲ့ စစ်ကြောင်းဟာ စဉ့်ကူးနဲ့သပိတ်ကျင်းအစပ်က မန္တလေး -မိုးကုတ်လမ်းမကြီးပေါ်ရှိ ဇရပ်ကွင်းရွာထိ သိမ်းယူထားတယ်လို့ အဆိုပါ စစ်ရေးသတင်းအရင်းမြစ်က ပြောပါတယ်။

 

ဒါကြောင့်တော်လှန်ရေးတပ်တွေအနေနဲ့ သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းနဲ့ စဉ့်ကူးမြို့နယ်က လက်ပံလှအကြားရှိ မန္တလေး – မိုးကုတ်လမ်းမကြီးပေါ်က နတ်တောင် ၊ ရှောက်ပင်ရိုး ၊ ကံပျို ၊ နွယ်ရုံ ၊ ကျည်တောက်ပေါက် ၊ ချောင်းကြီး ၊ ကျောက်ဖြူ ၊ လိပ်ကျ စတဲ့ကျေးရွာတွေနဲ့ စဉ့်ကူးမြို့မြောက်ပိုင်းက ကျေးရွာအချို့ကိုသာ ထိန်းချုပ်နိုင်တယ်လို့ သိရပါတယ်။

 

စစ်အုပ်စုက နယ်မြေပြန်လည်ရရှိရေးထိုးစစ်တွေကြောင့် တော်လှန်တပ်ဖွဲ့တွေနဲ့ စစ်အုပ်စုအကြားတိုက်ပွဲတွေအပြင် စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ မြေပြင်စစ်ကြောင်းတွေကြောင့် စဉ့်ကူးမြို့နယ်အတွင်းက သောင်းနဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ်

 

ဓာတ်ပုံ – Pro_SAC