ဆယ်စုနှစ် ၃ ခုကျော်ကြာ အမြစ်တွယ်နေသော ဘိန်းစိုက်ပျိုးမှုတွေကို PRA-Magway စတင်တိုက်ဖျက်၊ ဘိန်းစိုက်ခင်း ဧက ၃၀ ကို ဖျက်ဆီးခဲ့

Author CJ Platform
Categories
Published on Jan 19, 2026

မကွေးတိုင်း၊ ငဖဲမြို့နယ်တောင်ဘက်ခြမ်းမှာ နှစ်ပေါင်း ၃၀ ကျော်ကတည်းက အမြစ်တွယ်နေတဲ့ ဘိန်းစိုက်ပျိုးမှုကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway) က စတင်တိုက်ဖျက်နေပြီး ဘိန်းစိုက်ဧက ၃၀ ခန့်ကိုလည်း ဝင်ရောက်ဖျက်ဆီးခဲ့ကြောင်း အဲဒီအဖွဲ့ဆီက သိရှိရပါတယ်။

 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်နဲ့ ၁၇ ရက်တွေမှာ PRA-Magway တပ်ဖွဲ့ဝင်တွေက ငဖဲမြို့နယ်တောင်ပိုင်း ဘိန်းစိုက်ခင်းတွေကို ရှာဖွေတွေ့ရှိပြီးနောက် အပင်တွေအရွယ်မရောက်ခင်မှာပင် စုစုပေါင်း ဧက ၃၀ ခန့်ကို ဖျက်ဆီးခဲ့တယ်လို့လည်း မနေ့က ဇန်နဝါရီ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

 

“တော်လှန်ရေးအဖွဲ့တွေနဲ့လည်း ဆက်စပ်တယ်လို့ မယူဆပါဘူး၊ စစ်အုပ်စုနဲ့လည်း တိုက်ရိုက်ပတ်သက်နေမယ်လို့ မထင်ဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်ကတည်းက စိုက်ပျိုးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ အစိုးရအဆက်ဆက် အရေးယူမှုကို တိတိကျကျမလုပ်ခဲ့လို့ အခုထိ ကျယ်ပြန့်လာတာမျိုးပါ” လို့ PRA-Magway က တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဒီဇင်ဘာလအတွင်း PRA-Magway က အမြစ်ပြတ်ဖျက်ဆီးခဲ့တဲ့ ဘိန်းခင်းပိုင်ရှင်တွေကို စုံစမ်းခဲ့ပေမယ့် တိကျတဲ့သတင်းအချက်အလက်ကတော့ မရရှိသေးဘူးလို့ သိရပါတယ်။

 

ငဖဲမြို့နယ်လို တောင်ပေါ်ဒေသတွေဟာ သွားလာရေး အလွန်ခက်ခဲပြီး ယာဉ်ရထားတွေ သွားလာရခက်ခဲသလို၊ အခြေခံကျန်းမာရေးနဲ့ ပညာရေးဖော်ဆောင်မှု အစိုးရအဆက်ဆက် အားနည်းခဲ့တဲ့ဒေသဖြစ်တဲ့အလျောက် ဖွံ့ဖြိုးမှု နောက်ကျတဲ့ဒေသဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုအားနည်းချက်တွေက ဒေသခံတွေကို ဘိန်းစိုက်ပျိုးမှုဘက်ကို တွန်းပို့သလို ဖြစ်နေကြောင်း PRA-Magway ဘက်က သုံးသပ်ပြောဆိုပါတယ်။

 

“ဈေးကွက်ဝင်သီးနှံ အစားထိုးစိုက်ဖို့ကလည်း စိုက်ဧကများပေမယ့် ဈေးကွက်အာမခံချက် နည်းပါတယ်။ ဒီလိုနဲ့ ဘိန်းစိုက်ပျိုးမှုနဲ့ စားသုံးမှု မြင့်တက်လာတယ်။ ဒီအတိုင်း ဆက်သွားရင် တောင်ပေါ်ဒေသခံတွေရဲ့ လူမှုဘဝ ရေရှည်ရပ်တည်ဖို့ ခက်ခဲသွားမယ်လို့ ယူဆတဲ့အတွက် အခုလို ကြပ်မတ်ရတာပါ” လို့ PRA-Magway က တာဝန်ရှိသူတစ်ဦးက ဆက်လက်ရှင်းပြပါတယ်။

 

လက်ရှိ တော်လှန်ရေးကာလအတွင်း ဒေသဖွံ့ဖြိုးရေး နောက်ဆက်တွဲ စီမံကိန်းတွေကို ချက်ချင်း အကောင်အထည်ဖော်ရန် အကန့်အသတ်ရှိနေတာကြောင့် ကနဦးအဆင့်အနေနဲ့ PRA-Magway လှုပ်ရှားနေတဲ့ ဒေသအတွင်းမှာ မူးယစ်ဆေးဝါးစိုက်ပျိုးခြင်းအပါအဝင် ရောင်းဝယ်ဖောက်ကားခြင်း၊ လက်ဝယ်သိမ်းဆည်းခြင်းများကိုလည်း ကြပ်မတ် ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

 

ဓာတ်ပုံ – PRA-Magway

 

 

Related News

Depend on news