မဲဆောက်မှာ လူကုန်ကူးသူတွေ လိုက်ပါလာတယ်လို့ ယူဆရတဲ့ မော်တော်ယာဉ်ကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီး
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့၊ မယ်တောင်မီးပွိုင့်အနီးမှာ လူကုန်ကူးသူတွေ လိုက်ပါလာတယ်လို့ ဆိုတဲ့ မော်တော်ယာဉ်တစ်စီးကို ထိုင်းရဲတပ်ဖွဲ့က ပစ်ခတ် ဖမ်းဆီးရာမှ ကားနှစ်စီးနဲ့ ဆိုင်ကယ်တစ်စီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်နဲ့ ကားပေါ်ပါလာသူတွေ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ယာဉ်တိုက်မှုဟာ ဒီနေ့နေ့လယ်ပိုင်း ၃ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အနက်ရောင် Ford Ranger အမျိုးအစားကားတစ်စီးကို ဒေသဆိုင်ရာရဲတပ်ဖွဲ့တွေနဲ့ တာဝန်ရှိသူတွေက စစ်ဆေးချိန်မှာ မရပ်တန့်ဘဲ အရှိန်နဲ့မောင်းနှင်ခဲ့တာကြောင့် သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးချိန် ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
“ကားကတော့ လူကုန်ကူးကားပဲ။ ရွှေ့ပြောင်းမြန်မာတွေလား၊ တရုတ်တွေလားဆိုတာ မသေချာသေးဘူး။ သိရသလောက်ကတော့ တရုတ်တွေလို့ ပြောကြတယ်။ ကျွန်တော်တို့ လမ်းထိပ်က မီးပွိုင့်ထိပ်မှာ ဖြစ်သွားတာ။ ဆိုင်ကယ်ပါ ပါသွားတာ” လို့ အခင်းဖြစ်နေရာကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
Ford Ranger အမျိုးအစား မော်တော်ယာဉ်ကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးချိန် မရပ်တန့်တာကြောင့် ကားဘီးကို သေနတ်နဲ့နှစ်ချက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
လူကုန်ကူးသူတွေ လိုက်ပါလာတယ်ဆိုတဲ့ မော်တော်ယာဉ်ဟာ တခြားမော်တော်ယာဉ်ငယ်တစ်စီးကို ထပ်မံတိုက်မိခဲ့သလို ဆိုင်ကယ်တစ်စီးကိုလည်း တိုက်မိခဲ့တာကြောင့် ပြင်းထန် ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဒီယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၃ ဦးရှိပြီး အသက်ကြီးပိုင်း တစ်ဦးကတော့ အနည်းငယ်ပဲ ထိခိုက်ခဲ့ပေမယ့် ကျန်တဲ့ လူငယ်အမျိုးသမီး ၂ ဦးကတော့ ဒဏ်ရာပြင်းထန်ခဲ့ပြီး အဲဒီအထဲက အမျိုးသမီးတစ်ဦးကတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ အခင်းဖြစ်စဉ်အနီးကို ရောက်ရှိနေတဲ့ မဲဆောက်မြို့ရှိ နိုင်ငံသားအချို့ဆိက သိရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
