မင်းအောင်လှိုင်လက်ထက် မီးသွေးခဲနဲ့ သွားတိုက်ပြီး တရော်ကင်မွန်းနဲ့ ခေါင်းလျှော်ရတော့မယ်

Author CJ Platform
Categories
Published on Jan 19, 2026

စစ်အုပ်စုက ပြည်ပ ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းကို ပိတ်ဆို့ထားပြီးနောက် ရန်ကုန်မြို့အပါအဝင် နိုင်ငံအနှံ့က မြို့ကြီးတွေမှာ နိုင်ငံခြားထုတ် လူသုံးကုန်ပစ္စည်းတွေကို ဝယ်ယူလို့မရတော့ဘဲ ဈေးနှုန်းတွေ နှစ်ဆခန့် မြင့်တက်လာခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုင်ငံခြားထုတ် သွားတိုက်ဆေး၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည်ကအစ ဝယ်ယူဖို့ ခက်ခဲနေပြီး City Mart အပါအဝင် ဆိုင်ကြီးအများစုမှာ ပြည်တွင်းထုတ်ကုန်တွေကိုသာ အများအပြား ပြသရောင်းချနေရတယ်လို့ သိရပါတယ်။

“ပစ္စည်းပြတ်တာတော့ ခဏခဏပဲ။ တစ်နှစ်တောင်ရှိလာပြီလားမသိ။ နိုင်ငံခြားပစ္စည်းဆိုရင် ထိုင်းဘက်ကဝင်တဲ့ပစ္စည်းဖြစ်တဲ့ နေ့စဉ်အိမ်သုံး‌တွေ ဥပမာ- ဆပ်ပြာမှုန့်၊ သွားတိုက်ဆေး၊ ပန်းကန်ဆေးရည်၊ အိမ်သန့်ရှင်း‌ရေးသုံးနဲ့ တခြားတခြား စတဲ့ပစ္စည်းတွေပေါ့။ ဈေးတော့ နှစ်ဆလောက်တက်တယ်။ အနီးစပ်ဆုံးပြောရရင် ထိုင်းဘက်ကလာတဲ့ သွားတိုက်ဆေး ဘူးကြီးတစ်ခု ၄/၅ ထောင်ကနေ ၉ ထောင်၊ တစ်သောင်းဖြစ်သွားပြီ” လို့ ရန်ကုန်မြို့နေ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် လူငယ်မိန်းကလေးတွေအတွက်လည်း အလှကုန်ပစ္စည်းတွေ ပြတ်လပ်တာနဲ့ ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် တခြားထုတ်ကုန်တွေ သုံးစွဲကြည့်ရာမှာ အသားအရေနဲ့ ဓာတ်မတည့်တာတွေ ကြုံတွေ့နေရကြောင်း ရန်ကုန်မြို့က လူငယ်မိန်းက‌လေးတစ်ဦးက‌ ပြောပါတယ်။

City Mart အပါအဝင် ဆိုင်တချို့မှာ ပြည်တွင်းထုတ် ကုန်ပစ္စည်းတွေကိုသာ အဓိကထား ရောင်းချဖို့ ဆိုင်တာဝန်ရှိသူတွေက နှုတ်နဲ့ ညွှန်ကြားထားမှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

 

“ပြည်တွင်းထုတ်ကုန် အားပေးပါပေါ့၊ ပြောလို့သာ ပြောတာ ဖူဂျီစက်ရုံဆို ရပ်ထားရတယ် ကုန်ကြမ်းမရှိလို့၊ သိပ်မကြာပါဘူး မီးသွေးခဲနဲ့ သွားတိုက်ပြီး တရော်ကင်မွန်းနဲ့ ခေါင်းလျှော်ရတော့မှာပဲ” လို့ City Mart ဆိုင်တချို့ကို ကုန်စည်တွေ တင်ပို့ပေးနေသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

ပုံစာ – ရန်ကုန်မြို့ရှိ လူသုံးကုန်ရောင်းချနေသည့် ဆိုင်တစ်ခုကို မြင်ရပုံ

 

 

Related News

Depend on news