မင်းအောင်လှိုင်စကား မှားယွင်းကြောင်း မြောင်းမြမြို့က သက်သေပြ

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပညာရေးအပေါ် သုံးသပ်ချက် စကားတွေဟာ မှားယွင်းနေကြောင်း မြောင်းမြမြို့ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းက ကျောင်းသူအချင်းချင်း အုပ်စုဖွဲ့ အကြမ်းဖက်မှုက သက်သေပြခဲ့ပါတယ်။
မင်းအောင်လှိုင်က ဇွန်လ ၁၁ ရက်နေ့က ပြင်ဦးလွင်မြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းကို သွားရောက်ချိန်မှာ ကျောင်းသူ၊ကျောင်းသားတွေကို တွေ့ဆုံပြီး အမှာစကားပြောကြားချိန်မှာ “ကလေးငယ်များအား မိဘများ အနေဖြင့်သွန်သင်ဆုံးမပေးမှုများရှိသကဲ့သို့ ဆရာ၊ ဆရာမများကလည်း သွန်သင်ပေး မှုများရှိကြောင်း၊ ငယ်စဉ်ကလေးဘဝတွင် ကျောင်းတက်ရသည့် အချိန်များသဖြင့် ဆရာ၊ ဆရာမများ၏ သွန်သင်ဆုံးမပေးမှုကိုပိုမိုရရှိကြကြောင်း၊ ကျောင်းလုံးဝမနေဘူး သူများအနေဖြင့် ဆရာ၊ ဆရာမများ၏ သွန်သင်မှုအောက်တွင် နေခဲ့ရခြင်းမရှိခဲ့ကြောင်း၊ အတန်းပညာသင်ကြားပေးရမည်ဖြစ်သကဲ့သို့ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ရေး၊ တိုင်းချစ်ပြည်ချစ်စိတ်နှင့် မျိုးချစ်စိတ်ဓာတ်များမြင့်မားစေရေးတို့အတွက်လည်း ဆရာ၊ ဆရာမများအနေဖြင့် စနစ်တကျလေ့ကျင့်သင်ကြားပေးရန်လိုကြောင်း” လို့ ပြောကြားခဲ့ဖူးပါတယ်။
မြောင်းမြမြို့ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှာ လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလပိုင်းအတွင်းက ကျောင်းသူအချင်းချင်း အုပ်စုဖွဲ့ အကြမ်းဖက်မှုဖြစ်စဉ်တစ်ခုဟာ အခုရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာတွေပေါ် ပျံ့နှံ့လာခဲ့ပါတယ်။
ထွက်ပေါ်လာတဲ့ ရုပ်သံမှတ်တမ်းမှာ ကျောင်းသူ သုံးဦးခန့်က ကျောင်းသူတစ်ဦးကို ကျောင်းဝင်းဘေးလမ်းမထက်မှာ အုပ်စုဖွဲ့ ပါးရိုက်တဲ့ ဖြစ်စဉ်ပဲဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်ကို စစ်ကောင်စီနဲ့ နီးစပ်သူတွေကပါ ရှုတ်ချခဲ့ကြပြီး အဖြစ်မှန်ပေါ်ပေါက်ရေးအတွက် တောင်းဆိုခဲ့ကြပါတယ်။
ဖြစ်စဉ်ကို သိရှိခဲ့သူတွေက ဖြစ်စဉ်ဖြစ်ပွားပြီးချိန်မှာ မြောင်းမြမြို့နယ် ပညာရေးမှူးနဲ့ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးဟာ ကျူးလွန်ခံရသူ ကလေးငယ်ရဲ့ နေအိမ်ကို သွားရောက်ပြီး တောင်းပန်စကားဆိုခဲ့တယ်လို့ ဆိုပါတယ်။ ကျူးလွန်သူ ကလေးငယ်တွေကိုတော့ အရေးယူဆောင်ရွက်မှုတွေ မလုပ်ဆောင်ခဲ့တာကြောင့် ကျူးလွန်ခံရသူ ကလေးငယ်ဟာ ကျောင်းဆက်တက်ရောက်ရဲခြင်း မရှိတော့ဘူးလို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး လူမှုကွန်ရက်သုံးစွဲသူတွေက မြို့နယ်ပညာရေးမှူးနဲ့ ကျောင်းအုပ်ဆရာမကြီးကိုပါ အရေးယူဆောင်ရွက်ပေးဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပြင်ဦးလွင်မြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းကို သွားရောက်ချိန်မှာ “ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့သင်ကြားပေးနေရသည့် ကလေးငယ်များ အား အတန်းပညာသင်ကြားပေးခြင်းအပြင် အကောင်းအဆိုး၊ အကြောင်းအကျိုးကို ခွဲခြားသိမြင်နိုင်စွမ်းရှိစေမည့် အသိပညာနှင့် အတွေးအမြင်များကို သင်ကြားပေးရ မည်ဖြစ် ကြောင်း”ပါ ထည့်သွင်းပြောကြားခဲ့ဖူးပါတယ်။
“ကလေးအချင်းချင်း ပြသနာတစ်ခုပါ၊ တစ်ခုတော့ရှိတယ် ကျူးလွန်တယ်ဆိုတဲ့ကလေးမလေးရဲ့ မိသားစုက အင်အားတောင့်တယ်၊ ဒါ့ကြောင့် ဝိုင်းဖုံးဖိလိုက်တာပါ၊ အခုနောက်ပိုင်း အစိုးရကျောင်း(စစ်ကောင်စီလက်အောက်ခံ) တွေမှာ ဒီလိုဖြစ်စဉ်တွေ အများကြီးပါ”လို့ မြောင်းမြမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဆရာ၊ဆရာမတွေရဲ့ သွန်သင်မှုဟာ အရေးကြီးတယ်လို့ ပြောကြားခဲ့ပြီးနောက်မှာ အခုလို ရုပ်သံမှတ်တမ်းဟာ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။