ကန့်ဒေါင့်ရဲစခန်းကို PLA သိမ်းပိုက်လိုက်ပြီ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကန့်ဒေါင့်ကျေးရွာက စစ်ကောင်စီရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဇွန်လ ၁၉ ရက်နေ့ မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ PLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ကန့်ဒေါင့်ရဲစခန်းကို PLA ပူးပေါင်းတပ်ဖွဲ့တွေက ဇွန်လ ၂ ရက်နေ့ကစပြီး တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁၇ ရက်ကြာတိုက်ခိုက်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
“ကြားထဲမှာ အင်မတီးကျေးရွာဘက်ကို စကစဘက်က စစ်ကူ ၅ ကြိမ်ခန့်ပို့ပေးခဲ့တယ်။ PLA က ABSDF နဲ့ပေါင်းပြီး ကြားဖြတ်တိုက်ခိုက်နိုင်တာကြောင့်လည်း ဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကလည်း တောက်လျှောက်လုပ်နေတဲ့အခြေအနေကြားကနေ သိမ်းပိုက်နိုင်ခဲ့တာဆိုတာ တကယ့်ကို ဂုဏ်ယူစရာပါ” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက CJ Platform ကို ပြောပါတယ်။
ကန့်ဒေါင့်ရဲစခန်းကို သိမ်းယူနိုင်ခြင်းဟာ စစ်ရေးအရ ရေးသာမှုတစ်ခုဖြစ်ပြီး စခန်းကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ အရေးကြီးတယ်လို့လည်း ပြောပါတယ်။
“ကန့်ဒေါင့်စခန်းကို သိမ်းပြီး ထိန်းထားနိုင်မယ်ဆိုရင် ပုလဲနယ်တဝှမ်းမှာ ပိုမိုအောင်မြင်မှုတွေ ဆက်လက်ဖြစ်လာနိုင်ဖို့ ရှိနေပါတယ်” လို့ ရှေ့တန်းရဲဘော်တစ်ဦးက သုံးသပ်ပြောကြားပါတယ်။
ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီရဲ့ တိုက်လေယာဉ်တစ်စင်းကိုလည်း PLA က ပစ်ချတိုက်ခိုက်နိုင်ခဲ့ပါတယ်။