လားရှိုးမြို့ကို စစ်ကောင်စီထံ အပြည့်အဝ ပြန်လည်မလွှဲပြောင်းသေး MNDAA ရဲတပ်ဖွဲ့က မြို့တွင်း လုံခြုံရေးယူထား

စစ်ကောင်စီတပ်တွေ ပြန်လည်ဝင်ရောက်လာနေတဲ့ လားရှိုးမြို့မှာ ကိုးကန့်တပ် MNDAA ရဲတပ်ဖွဲ့က မြို့တွင်းမှာ လုံခြုံရေးရယူထားဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ ယူနီဖောင်းမဝတ် လက်နက်မကိုင်ဘဲ သွားလာလှုပ်ရှားနေကြတယ်လို့ လားရှိုးမြို့ခံတွေဆီက သတင်းရရှိပါတယ်။
“MNDAA ကအတွင်းရေးမှူးလည်း ရောက်နေတယ်၊ ဒီကနေ့ထိတော့ သူတို့ပဲ အုပ်ချုပ်နေတာ၊ ၂၁ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွာမယ်လို့ ပြောတယ်”လို့ လားရှိုးမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေ ပြန်လည်အုပ်ချုပ်ပါကလည်း ကိုးကန့်တပ်ဆီမှာ တာဝန်ထမ်းဆောင်ခဲ့သူတွေကို ဖမ်းဆီးအရေးယူတာတွေ မလုပ်ဆောင်ဖို့ စစ်ကောင်စီနဲ့ ကိုးကန့်တပ်တို့ နားလည်မှုစာချုပ် ချုပ်ဆိုထားတယ်လို့လည်း CJ Platform က စုံစမ်းသိရှိရပါတယ်။
ကိုးကန့်တပ်ဆီ တာဝန်ထမ်းဆောင်ခဲ့သူတွေနဲ့ CDM ဝန်ထမ်းတွေကို ကိုးကန့်တပ်က လားရှိုးမြို့နေထွက်ခွာကာ သူတို့နဲ့ အတူတူ လိုက်ပါဖို့ ဖိတ်ခေါ်ထားတယ်လို့လည်း သိရပါတယ်။
“ရပ်ကျေးအထိ လိုက်ပြီးတွေ့တယ်၊ သူတို့နဲ့ အကုန်လုံးလိုက်ခဲ့ဖို့ ခေါ်တယ်၊ မိသားစုဝင်တွေပါရင်လည်း ခေါ်တယ်၊ လစာအပြင် မိသားစုဝင်တစ်ယောက်ကို ခြောက်သောင်းနဲ့ ဆန်ထောက်ပံ့မယ်လို့ ပြောသွားတယ်”လို့ လားရှိုးမြို့ကို ရောက်ရှိနေတဲ့ CDM ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
လားရှိုးမြို့မှာ ကိုးကန့်တပ်နဲ့ ပူးပေါင်းကာ တာဝန်ထမ်းဆောင်ခဲ့သူတွေ အားလုံးကို သူတို့ထိန်းချုပ်ထားရာ သိန္နီစတဲ့ မြို့တွေကို ပို့ဆောင်ပေးနေပြီး ဆက်လက် အလုပ်ခန့်ထားကာ တာဝန်ပေးအပ်သွားမယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေ လားရှိုးမြို့ကို ဝင်ရောက်စဉ် “ဝ”တပ်က လုံခြုံရေး ရယူပေးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့မှုကိုလည်း “ဝ” တပ်ဖွဲ့ UWSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက မည်သည့်အဖွဲ့ကိုမှ လုံခြုံရေးရယူပေးခဲ့တာ မရှိဘူးလို့ ငြင်းဆန်ထားပါတယ်။
ဓာတ်ပုံ – CJ