ညောင်တုန်းမှာ အဆိုမယ်တွေနဲ့အတူ အဖမ်းခံရတဲ့ KTV ပိုင်ရှင် အုပ်ကြီးဟောင်း လူစားထိုးပြီး ပြန်လွတ်လာ

ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် ဖောင်ရိုးချောင်းကျေးရွာနေ အဆိုမယ်တွေနဲ့အတူ အဖမ်းခံရတဲ့ စစ်တပ်ထောက်ခံသူ KTV ပိုင်ရှင် အုပ်ကြီးဟောင်း ဖြစ်သူမှာ မတ်လ ၁၈ ရက်နေ့က စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံရပြီးနောက် ပြီးခဲ့တဲ့ လကုန်ပိုင်းက လူစားထိုးပြီး အမှုကပြန်လွတ်လာပြီဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီက မူးရစ်ဆေးဝါးမှု၊ ပြည်တန်ဆာမှုတို့နဲ့ အုပ်ကြီးဟောင်းအပါအဝင် အဆိုမယ်တွေကို ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီခံရပြီး ဆယ်ရက်ခန့်အကြာမှာပင် ပြန်လည်လွတ်မြောက်လာတာ ဖြစ်တယ်လို့ ပြောပါတယ်။
“ ပြန်လွတ်လာပြီလေ၊ လူစားထိုးပြီး ပြန်လာတယ်ကြားတယ်။ မန်နေဂျာနဲ့ လူစားထိုးခဲ့တယ်လို့လည်း ကြားတာပဲ၊ ဘယ်သူနဲ့ လူစားထိုးခဲ့တယ်တော့ တိတိကျကျမသိဘူး။ ပြန်လွတ်လာတာတော့ အမှန်ပဲ” လို့ ဖောင်ရိုးချောင်းကျေးရွာက ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။
စစ်ကောင်စီထောက်ခံသူ အုပ်ကြီးဟောင်းဖြစ်သူ ကိုနိုင်နဲ့အတူ သမီးနဲ့သမက်ပါ ပြန်လွတ်လာတာ ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
စစ်ကောင်စီရဲ့ တိုင်းရဲတပ်ဖွဲ့က အုပ်ချုပ်ရေးမှူးဟောင်း အပိုင် စတားဝမ်း KTV ကို ဝင်ရောက် ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး ဖမ်းဆီးစဉ်က KTV အဆိုမယ်တွေ အပါအဝင် ကိုနိုင်နဲ့ မိသားစုဝင်တချို့ကိုပါ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာပါ။
အဲဒီလိုဖမ်းဆီးခဲ့ပြီးနောက် ချောင်းကြီးရဲစခန်းကတဆင့် မအူပင်ခရိုင်ရဲစခန်းအထိ ပို့ဆောင်ကာ တရားစွဲစဉ် လူစားထိုးကာ အုပ်ကြီးဟောင်းအပြင် သမီးနဲ့ သမက်ပါပြန်လွတ်လာခဲ့တာလို့ စုံစမ်းသိရှိရပါတယ်။
ဒါ့အပြင် အဆိုမယ်တွေကိုလည်း စစ်ကောင်စီကပြန်လွှတ်လိုက်တယ်လို့သိရပြီး ပြန်လွတ်လာပြီး နောက်တစ်ရက်မှာပင် အထုတ်အပိုးတွေနဲ့ ပြန်သွားတာဖြစ်တယ်လို့ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
အုပ်ကြီးဟောင်းရဲ့ စတားဝမ်း KTV မှာ မာဆတ်ဖွင့်ထားတာမျိုးရှိခဲ့တဲ့အပြင် ကြက်ဝိုင်းလည်း နေ့စဉ်နီးပါး ပြုလုပ်လေ့ရှိပြီး ရံဖန်ရံခါ KTV အနောက်က ခြံဝန်းထဲ မြင်းပွဲပါပြုလုပ်တာ ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
အုပ်ကြီးဟောင်းဖြစ်သူ ကိုနိုင်မှာ ကြံ့ခိုင်ရေးပါတီထောက်ခံသူ စစ်တပ်ထောက်ခံသူတစ်ဦးဖြစ်တဲ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိတွေနဲ့ အလွန်နီးစပ်သူဖြစ်ပြီး သူ့ရဲ့အိမ်ဖြစ်တဲ့ စတားဝမ်း KTV ခေါင်မိုးအပေါ်မှာလည်း ဘန်ကာ ၄ ခု တည်ဆောက်ထားတဲ့အပြင် အဲဒီဘန်ကာမှာ အမိုးအကာအရံနဲ့ ခိုင်ခိုင်မာမာ တည်ဆောက်ထားတာ လို့လည်း သိရပါတယ်။
“ သူက အကောင်ကြီးတွေနဲ့ ရင်းရင်းနှီးနှီးကိုသိတာ၊ သူ့အမှုနဲ့ ပတ်သက်ပြီးလည်း သူ့ကိုလွတ်အောင် လုပ်ပေးခဲ့တာ အရင်ကတည်း ရင်းနှီးနေသူတွေဆိုတော့ လူစားထိုးပေးလိုက်တာပဲ။ ပြောရရင် အကိုကြီး ညီလေးနဲ့ ကိစ္စပြီးသွားတာ “ လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။
လက်ရှိမှာ စတားဝမ်း KTV မှာပိတ်ထားဆဲဖြစ်သလို နှစ်စဉ်သင်္ကြန်ရောက်တိုင်း သင်္ကြန်မဏ္ဍပ်ဖွင့်လှစ် ရေကစားခဲ့ပေမဲ့ ဒီနှစ်မှာတော့ သင်္ကြန်မဏ္ဍပ်တည်ဆောက်ခဲ့တာမျိုးမရှိတော့ပဲ ညောင်တုန်းမြို့ မှာလည်း လမ်းလျောက်သင်္ကြန်အဖြစ်သာ ကျင်းပခဲ့ပါတယ်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – စတားဝမ်း KTV ကို မြင်ရပုံ