ကရင်နီက စစ်ဘေးရှောင်တွေ သောက်စရာရေမရှိလို့ ခက်ခဲကြုံတွေ့နေရ

Author လဂွန်းအိမ်
Categories
Published on Feb 19, 2025

ကရင်နီပြည် ဖယ်ခုံမြို့နယ်ထဲက စစ်ဘေးရှောင် စခန်းအများစုမှာ သောက်သုံးရေ မလုံလောက်မှုတွေ ကြောင့် နှစ်စဉ်အလှူရှင်တွေရဲ့ ရေအလှူကိုအားကိုးရပ်တည်နေခဲ့ကြရပြီး ဒီနှစ်မှာ အလှူရှင်နည်းပါးလာတဲ့အတွက် သောက်စရာရေပင် မရှိဘဲ အခက်အခဲများစွာ ကြုံတွေ့နေရတယ်လို့  စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူတွေဆီကနေ သိရပါတယ်။

 

စစ်ဘေးရှောင်စခန်းအများစုဟာ မြစ်၊ချောင်း၊ရေကန်တွေနဲ့ ဝေးရာမှာရှိနေပြီး မြို့နယ်တိုင်းလိုလိုမှာ ရေရှားပါးမှုကိုကြုံတွေ့နေရတာဖြစ်တယ်လို့ သိရတဲ့အပြင် ကရင်နီက စစ်ဘေးရှောင်စခန်း ၈၀ ရာခိုင်နှုန်းခန့် ရေရှားပါးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

 

“တချို့မိသားစုတွေဆို သောက်ဖို့အတွက်တောင် မလောက်အောင်ဖြစ်နေတယ်။ ကလေးတွေဆို တစ်ပတ်မှ တစ်ခေါက် ရေချိုးရတဲ့ အခြေအနေမျိုးရှိတယ်”လို့ ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကွန်ရက် အဖွဲ့ဝင်တစ်ဦးက CJ Platform ကိုပြောပါတယ်။

 

စစ်ဘေးရှောင်စခန်းတွေမှာ သောက်သုံးရေက အဓိကအလိုအပ်ဆုံးဖြစ်ပြီး စားဝတ်နေရေးအတွက် ရိက္ခာအပါအဝင် ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း လိုအပ်နေဆဲပဲလို့ သိရပါတယ်။

 

ဖရူဆိုမြို့နယ်နဲ့ ဒီမောဆိုမြို့နယ်တွေက စစ်ဘေးရှောင်စခန်းတွေမှာ ရေလှောင်ကန်တွေ တည်ဆောက်ထားတာ ရှိပေမဲ့ ရေလှောင်ကန်တွေထဲ ရေသယ်ယူဖို့ အခက်အခဲတွေဖြစ်နေတာဖြစ်ပြီး ရေကားတစ်စီးကို ကျပ် ငါးသောင်းကနေ ရှစ်သောင်းအထိ ပေးဝယ်နေရတယ်လို့ သိရပါတယ်။

 

ရေလှောင်ကန်က ရေတွေကို စစ်ဘေးရှောင် မိသားစုအလိုက် တစ်အိမ်ထောင်ကို ငါးဂါလံဆန့် ရေ အနည်းဆုံး တစ်ပုံးကနေ သုံးပုံးအထိ ပေးဝေတာဖြစ်ပြီး ရေအလှူရှင်မရှိပါက စခန်းနဲ့ ငါးမိုင်ဝန်းကျင်ခန့်ကို သောက်သုံးရေအတွက် သွားရောက်သယ်ယူကြရတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

လက်ရှိမှာ ရေအလှူရှင်တွေနည်းပါးလာပြီး တစ်ချို့ စစ်ဘေးရှောင်စခန်းတွေမှာ အလှူရှင် လုံးဝ မရှိတာမျိုးတွေလည်း ကြုံတွေ့နေရတာကြောင့် သောက်သုံးရေ အပြင် စားဝတ်နေရေးအတွက်ပါ များစွာခက်ခဲနေကြရဖြစ်တယ်လို့ သိရပါတယ်။

 

စစ်ဘေးရှောင်အရေးကူညီသူတွေအတွက် အခက်အခဲများစွာမရှိပေမဲ့ စစ်ဘေးရှောင်တွေအတွက်သာ ကူညီပေးကြဖို့လိုအပ်ပြီး လက်ရှိမှာလည်း စစ်ဘေးရှောင်စခန်း ၆ ခု ၇ ခုကနေ အကူအညီလာတောင်းထားတာ ရှိနေပြီး ကူညီမပေးနိုင်သေးဘူးလို့ ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက် အဖွဲ့ဝင်တစ်ဦးက CJ Platform ကိုပြောပါတယ်။

 

ကရင်နီပြည်မှာ စစ်ဘေးရှောင်စခန်းပေါင်း ၃၀၀ နီးပါးရှိပြီး လူဦးရေ ၂ သိန်းကျော်ခန့် စစ်ဘေးရှောင်နေရတယ်လို့သိရပြီး ဖရူဆို ဒီမောဆိုအနောက်ခြမ်းတွေမှာပင် စခန်းပေါင်း ၁၅၀ ဝန်းကျင်နဲ့ လူဦးရေ ရှစ်သောင်းဝန်းကျင်နေထိုင်နေကြတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကွန်ရက်