သမ္မတဟောင်း ဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို အာဂျင်တီးနား တရားရုံးက ဖမ်းဝရမ်းထုတ်မှုကို ဖယ်ရှားပေးရန် NUG တောင်းဆို

Author CJ Platform
Categories
Published on Feb 19, 2025

အာဂျင်တီးနားတရားရုံးက ၂၀၁၇ ခုနှစ်ကဖြစ်ပေါ်ခဲ့တဲ့ ရိုဟင်ဂျာအမှုနဲ့ ပတ်သက်ပြီး သမ္မတဟောင်း ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆို ဖမ်းဝရမ်းထုတ်တဲ့အပေါ် ဖယ်ရှားပေးဖို့ မနေ့က ဖေဖော်ဝါရီ ၁၈ ရက်စွဲနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနေ သဘောထားထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

 

ရိုဟင်ဂျာတွေအပေါ် နည်းလမ်းမျိုးစုံအသုံးပြုပြီး အကြမ်းဖက်သတ်ဖြတ် ကျူးလွန်ခဲ့သူတွေဟာ မြန်မာစစ်တပ်ခေါင်းဆောင်တွေနဲ့ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေသာဖြစ်တာကြောင့် အခုလိုတရားခံစာရင်းမှာ ထည့်သွင်း ဖမ်းဝရမ်းထုတ်တာဟာ မှာယွင်းတဲ့ စွပ်စွဲဆောင်ရွက်ချက်သာဖြစ်တယ်လို့ ဆိုပါတယ်။

 

အဲဒီအချိန်က ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀(ခ)၊ (ဂ) အရ မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာစစ်တပ်ဖြစ်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေဟာ ပြစ်မှု၊ပြစ်ဒဏ်အားလုံးအတွက် ခြွင်းချက်မရှိ တာဝန်ယူ၊ တာဝန်ခံရမယ့်သူတွေဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

 

ဒါ့အပြင် ယူကေအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ (BROUK) က အာဂျင်တီးနားတရားရုံးက တဆင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို တရားစွဲဆိုခြင်းနဲ့  ဖမ်းဝရမ်းထုတ်ခြင်းကို ကြိုဆိုတယ်လို့လည်း ဆိုပါတယ်။

 

နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ဟာ ရိုဟင်ဂျာအရေးအတွက် ခိုင်မာကောင်းမွန်ပြီး ရေရှည်ငြိမ်းချမ်းပြေလည်မယ့် အဖြေရရှိစေဖို့ “ကိုဖီအာနန်ကော်မရှင်” ဖွဲ့စည်းခြင်းအပါအဝင် နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးပမ်းဆောင်ရွက် ခဲ့ကြတယ်လို့လည်း ရှင်းလင်းရေးသားထားပါတယ်။

 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေနဲ့အတူ ပြည်သူ့အစိုးရအဖွဲ့ ခေါင်းဆောင်တွေကို တရားခံစာရင်းမှာ ထည့်သွင်းပြီး ဖမ်းဝရမ်းထုတ်ရန် ကြိုးပမ်းနေခြင်းဟာ ရိုဟင်ဂျာပြည်သူလူထုနဲ့ အခြားပြည်သူလူထုတွေကြား နားလည်မှု လွဲမှားနိုင်ပြီး ရေရှည်ငြိမ်းချမ်းရေး၊ သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးကို အနှောင့်အယှက် အဟန့်အတားများစွာ ဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။

 

ဒါကြောင့် အာဂျင်တီးနားတရားရုံးက အခုလိုပူးတွဲ ဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းနေတာဟာ မြန်မာနိုင်ငံသားအချင်းချင်းအကြား သွေးစည်းညီညွတ်မှုကို ပြိုကွဲစေပြီး နွေဦးတော်လှန်ရေးကိုလည်း အနှောင့်အယှက်ဖြစ်စေယုံသာမက အကြမ်းဖက်စစ်အာဏာရှင်တွေကိုသာ အကျိုးကျေးဇူးဖြစ်ထွန်း စေလိမ့်မယ်လို့ သဘောထား ထုတ်ပြန်ထားပါတယ်။

 

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့လည်း “ရိုဟင်ဂျာမူဝါဒ” တရပ် ပြဌာန်းပြီး ရိုဟင်ဂျာ ပြည်သူများ တရားမျှတမှု ရရှိစေဖို့ တစိုက်မတ်မတ် ဆောင်ရွက်နေတယ်လို့လည်း ဆိုထားပါတယ်။

 

ကျူးလွန်ခံခဲ့ရသူတွေအတွက် တရားမျှတမှု ပြန်လည်ရရှိစေရေးဖို့ နိုင်ငံတကာတရားရုံးတွေမှာ တရားစွဲဆိုနိုင်ဖို့ ကြိုးပမ်းမှုမှန်သမျှကို အမျိုးသား ညီညွတ်ရေးအစိုးရအနေနဲ့ ကြိုဆိုထောက်ခံတယ်လို့ သဘောထားထုတ်ပြန်ချက်ထဲ ပါရှိပါတယ်။

 

၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် သတ်ဖြတ်မှုတွေ ညှဥ်းပမ်းနှိပ်စက်မှုတွေနဲ့ ပတ်သက်ပြီး ၂၀၁၉ ခုနှစ်မှာ ယူကေအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ (BROUK)က  အာဂျင်တီးနားဖက်ဒရယ်တရားရုံးမှာ အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပြီး ၆ နှစ်အကြာ ဖမ်းဝရမ်းထုတ်ဖို့ ပြင်ဆင်လာတာပဲဖြစ်ပါတယ်။

 

ဖမ်းဝရမ်းထုတ်မယ့်စာရင်းထဲမှာတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဒုတိယစစ်ခေါင်းဆောင် စိုးဝင်း အပါအဝင် စစ်ကောင်စီတပ်အရာရှိကြီး/ငယ် ၂၂ ဦးအပြင် သမ္မတဟောင်း ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့လဲ ပါဝင်လာတာဖြစ်ပါတယ်။