ပခုက္ကူ၊ ပျူရွာဝင်တိုက်ခံရပြီးနောက် မြိုင်နဲ့ ပခုက္ကူက ကျေးရွာတွေကို စစ်ကောင်စီခုနစ်ရက်ဆက် မီးဝင်ရှို့လို့ ဒေသခံတွေအထိနာ  ဒေသခံထောင်ချီတိမ်းရှောင်နေရသလို နေအိမ် ရာနဲ့ချီမီးရှို့ဖျက်ဆီးခံရတဲ့အပြင် တစ်ဦးသတ်ဖြတ်ခံရ

Author မင်းထက်
Categories
Published on Dec 19, 2024

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က ရေလာလေးပျူစောထီးစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီးနောက် ခုနစ်ရက်ဆက် စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက မြိုင်နဲ့ ပခုက္ကူမြို့နယ်တွေက နေအိမ် ၁၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့ မနက်ပိုင်းမှာ ရေလာလေးရွာ ပျူစောထီးစခန်းကို တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး ညနေပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့၀င်တွေ ပြန်လည်၀င်ရောက်လာပြီးနောက် အနီးကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့မှုတွေ စတင်လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

 

“ရေလာလေးရွာ ပျူစောထီးစခန်းတိုက်ခိုက်ခံရပြီး ပခုက္ကူနယ် အနောက်ခြမ်း၊ မြိုင်နယ် အရှေ့တောင်ဘက်အခြမ်းတွေကို စစ်ကြောင်းထိုး၊ နေအိမ်တွေဖျက်ဆီးပြီး ရွာခံအမျိုးသားတစ်ယောက် သတ်ဖြတ်ခံရတယ်” လို့ အညာမြေတပ်ပေါင်းစု သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

 

ဒီဇင်ဘာ ၁၂ ရက်ကနေ ၁၈ ရက်နေ့အထိ ခုနစ်ရက်ဆက် မြိုင်နဲ့ ပခုက္ကူမြို့နယ်အတွင်းရှိ ရေလာကြီး၊ ဝါးကျွန်းတွင်း၊ ပြည့်အိုင်၊ ရွာသာအေးနဲ့ ရေမျက် စတဲ့ကျေးရွာတွေက ဒေသခံနေအိမ် ၁၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတာဖြစ်တယ်လို့ သူက ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ရွာသာအေးရွာက နေအိမ် ၂၁ လုံးနဲ့ ပြည့်အိုင်ရွာက နေအိမ်တစ်လုံးတို့ကို မီးရှို့ခဲ့ပြီး ယမန်နေ့ ဒီဇင်ဘာ ၁၈ ရက်က ရေမျက်ရွာကို ဝင်ရောက်စီးနင်းမီးတင်ရှို့ခဲ့ရာမှာ နေအိမ်ငါးလုံးမီးလောင်ပြာကျခဲ့ရတယ်လို့ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

 

ဒါကြောင့် ကျေးရွာငါးခုက ဒေသခံ တစ်ထောင်ခန့်ဟာ ဒီဇင်ဘာ ၁၁ ရက်ကနေ ဒီကနေ့အထိ ဘေးလွတ်ရာထွက်ပြေးနေကြရပြီး စစ်ရှောင်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ကူညီစောင့်ရှောက်မှုတွေပေးနေတယ်လို့ အညာမြေတပ်ပေါင်းစုနဲ့ ဒေသခံကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။

 

မြိုင်နဲ့ ပခုက္ကူက စစ်ရေးအခြေအနေဟာ လက်ရှိအချိန်ထိ တင်းမာနေဆဲဖြစ်ပြီး တော်လှန်ရေးတပ်တွေဘက်က စစ်ရေးပြင်ဆင်နေတယ်လို့ အညာမြေတပ်ပေါင်းစုက ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

 

“ဒီအတွက်ကို အမှတ် ၈ စစ်ကြောင်းက တိုက်ပွဲအပြီး နောက်ဆက်တွဲကိစ္စတွေကိုပါ ဆက်လက်ရှင်းလင်းနိုင်ဖို့လုပ်နေတယ်။ ကျွန်တော်တို့အနေနဲ့လည်း တိုက်ပွဲပြီးကတည်းက မနားသေးဘဲ လူထုကိုကွယ်ဖို့၊ ရန်သူကိုချေမှုန်းဖို့ ပြင်ဆင်နေပါတယ်” လို့ အမှတ် ၈ စစ်ကြောင်း သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

 

မကွေးတိုင်း၊ မြိုင်နဲ့ ပခုက္ကူနယ်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ အမှတ် ၈ စစ်ကြောင်းကို ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDO/PDA)နဲ့ ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)တို့က တော်လှန်ရေးရဲဘော်တွေ ပူးပေါင်းဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ အမှတ် ၈ စစ်ကြောင်းအပါအဝင် မဟာမိတ်တပ်တွေရဲ့ ရေလာလေးပျူစောထီးကျေးရွာ စီးနင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ခြောက်ဦးသေဆုံးပြီး လက်နက် ၁၉ လက်နဲ့ ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိခဲ့ကာ တော်လှန်ရေး ရဲဘော်နှစ်ဦး ကျဆုံးခဲ့ရပါတယ်။

 

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ မေလ ၁ ရက်ကနေ ဒီနှစ် ၂၀၂၄၊ သြဂုတ်လ ၃၁ ရက်နေ့အထိ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နိုင်ငံတွင်း နေအိမ်တစ်သိန်းနဲ့ ငါးထောင်ကျော်ပျက်စီးခဲ့​တယ်လို့ Data For Myanmar ရဲ့ အစီရင်ခံစာအမှတ်စဥ်(၅)အရ သိရပါတယ်။

 

အညာဒေသအတွင်း စစ်ကောင်စီတပ်ရဲ့ မီးရှို့ခံရတဲ့ နေအိမ်ဆုံးရှုံးရသူ ဒေသခံစစ်ရှောင်တွေကို S&C မီးဘေး၊ စစ်ဘေး၊ ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့က နေအိမ်တွေ ဆောက်လုပ်လှူဒါန်း နေပါတယ်။

 

အဲဒီအဖွဲ့ဟာ ‘အိမ်အလှူတော်’လို့ အမည်ပေးပြီး စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်း ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကနေ ဒီနှစ် ၂၀၂၄၊ ဒီဇင်ဘာလမကုန်မီအထိ နေအိမ် ၁၃၈၀ နီးပါး ဆောက်လုပ်လှူဒါန်းပြီးဖြစ်တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – အညာမြေတပ်ပေါင်းစု

 

ပုံစာ- မြိုင်နယ်အတွင်းကစစ်ရှောင်တွေကို တော်လှန်ရေးအဖွဲ့တွေက ကူညီဆောင်ရွက်ပေးနေတာကို တွေ့ရစဥ်