ဟူသီသူပုန်တွေရဲ့ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို အစ္စရေး လေကြောင်းနဲ့ တိုက်ခိုက်
ယီမင်နိုင်ငံမှာရှိတဲ့ ဟူသီသူပုန်တွေရဲ့ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို လေကြောင်းနဲ့ ဒီကနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန် အသိပေးပါတယ်။
ဒါဟာ ဟူသီသူပုန်တွေက အစ္စရေးဘက်ကို ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကို ကြားဖြတ်ပစ်ချနိုင်ခဲ့အပြီးမှာ အစ္စရေးဘက်က လက်တုံ့ပြန် ပစ်ခတ်ခဲ့တာလို့လည်း ဆိုပါတယ်။
“တိုက်ခိုက်မှု အစီအစဉ်တွေကို ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်ရဲ့ အတည်ပြုချက်ရပြီးနောက်မှာ ထောက်လှမ်းရေးနဲ့ ရေတပ်ဌာနခွဲတွေရဲ့ ညွှန်ကြားမှုနဲ့ လေတပ်က တိုက်လေယာဉ်တွေဟာ ယီမင်နိုင်ငံအတွင်းပိုင်းနဲ့ အနောက်ဘက်ကမ်းရိုးတန်း ကမ်းမြောင်မှာရှိတဲ့ ဟူသီသူပုန်တွေရဲ့ စစ်ဘက်ဆိုင်ရာ ပစ်မှတ်နေရာတွေကို မကြာသေးခင်ကပဲ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်”လို့ အစ္စရေးစစ်တပ်က ဒီကနေ့ မနက်ပိုင်းမှာ ထုတ်ပြန်အသိပေးတာပါ။
တိုက်ခိုက်ခဲ့တဲ့ ပစ်မှတ်တွေဟာ ဟူသီသူပုန်တွေရဲ့ စစ်ဆင်ရေးအတွက် အသုံးပြုတဲ့နေရာတွေ ဖြစ်တယ်လို့လည်း အစ္စရေး စစ်တပ်က ဆိုပါတယ်။
ဟူသီသူပုန်တွေရဲ့ မဟာမိတ်ဖြစ်တဲ့ Al-Masirah ရုပ်သံချန်နယ်ကလည်း ဒီကနေ့မနက် အစောပိုင်းမှာ ဆာနာမြို့နဲ့ ကမ်းရိုးတန်းမြို့ဖြစ်တဲ့ ဟိုဒေးဒါဟ်မြို့တွေကို ရန်လိုတဲ့ စီနင်းတိုက်ခိုက်မှုတွေ အများအပြား လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြပါတယ်။
တိုက်ခိုက်မှုတွေဟာ ဆာနာမြို့က ပင်မဓာတ်အားပေးစက်ရုံ နှစ်ရုံကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သလို ဟိုဒေးဒါဟ်မြို့က လောင်စာဆီစက်ရုံကို နှစ်ကြိမ်တိုက်ခိုက်ခဲ့မှု အပါအဝင် လေးကြိမ်အထိ တိုက်ခိုက်ခဲ့တယ်လို့လည်း Al-Masirah က ဆက်လက်ဖော်ပြပါတယ်။
ယီမင်နိုင်ငံက SABA သတင်းဌာနကလည်း Ras Issa လောင်စာဆီစက်ရုံကို နှစ်ကြိမ်တိုက်ခိုက်ခဲ့မှု အပါအဝင် ဟိုဒေးဒါဟ်မြို့ကို စုစုပေါင်း လေးကြိမ်တိုက်ခိုက်ခဲ့မှုအတွင်း ဝန်ထမ်းတချို့သေဆုံးပြီး ထိခိုက်ဒဏ်ရာရမှုတွေလည်း ရှိတယ်လို့ ဖော်ပြပါတယ်။
အစ္စရေးစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒယ်နီရယ်ဟာဂါရီက ဟူသီသူပုန်တွေရဲ့ ယမန်နေ့ ဒီဇင်ဘာ ၁၈ ရက်နေ့ညက အစ္စရေးဘက်ကို ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့ပြီးနောက်မှာ အစ္စရေးတပ်တွေဟာ ယီမင်နိုင်ငံမြို့တော် ဆာနာမှာရှိတဲ့ ဓာတ်အားပေးစက်ရုံနဲ့ ဆိပ်ကမ်းတွေအပါအဝင် စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
ယီမင်နိုင်ငံက ဟူသီသူပြန်တွေဟာ ပြီးခဲ့တဲ့ ၁၄ လလောက် ကတည်းက အစ္စရေးဘက်ကို ဒုံးကျည်တွေနဲ့ မကြာခဏ ဆိုသလို ပစ်ခတ်တိုက်ခိုက်နေပြီး ယမန်နေ့ညက ဒုံးကျည်ကိုလည်း အစ္စရေးစစ်တပ်က ကြားဖြတ်ပစ်ချနိုင်ခဲ့ပါတယ်။
ဓာတ်ပုံ – EPA-EFE
ပုံစာ- ယီမင်နိုင်ငံ ဆာနာမြို့က ဟူသီသူပုန်တွေကို တွေ့ရစဉ်
ကိုးကား – Al Jazeera