မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် စစ်ကိုင်းဒေသခံတွေ အသက်နဲ့ စားဝတ်နေရေးထိခိုက် ဘယ်အဖွဲ့မှ မိုင်းအသိပညာပေးမှု မလုပ်ပေး
PDF တွေအားကောင်းတဲ့ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ လက်နက်ကိုင်တော်လှန်ရေး စတင်ပြီးနောက် ၂၀၂၂ ခုနှစ်ကစပြီး စစ်ကောင်စီတပ်၊ ပျူစောထီးနဲ့ PDF တွေရဲ့ မြေမြှုပ်မိုင်းတွေကြောင့် ဒေသခံပြည်သူတွေရဲ့ အသက်နဲ့ စားဝတ်နေရေးကို ထိခိုက်မှုတွေ ဖြစ်ပေါ်စေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်မိုင်း၊ နင်းမိုင်း ဒေသကာကွယ်ရေးအဖွဲ့တွေဘက်က စစ်ရေးမစ်ရှင်တွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုကြသလို ကျေးရွာဒေသလုံခြုံရေးအတွက်လည်း ကျေးရွာချင်းဆက်လမ်းပိုင်းတွေမှာ ပြင်ဆင်ထားလေ့ရှိကြတယ်လို့ သူတို့က ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကတော့ သူတို့တပ်ဆွဲထားတဲ့ နေရာတွေနဲ့ အနီးစပ်ဆုံးရှိနေတဲ့ကျေးရွာတွေ၊ ဆက်သွယ်ရေးတာဝါတိုင်တွေ၊ လျှပ်စစ်မီးတိုင်တွေနဲ့ အနီးတဝိုက်မှာ မြေမြှုပ်မိုင်းတွေ ထောင်ထားလေ့ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“စစ်ရေးအရဆိုပြီး ရွာအပြင်က လမ်းတွေရယ်၊ စစ်ကြောင်းလာနိုင်မယ့်လမ်းတွေမှာ ပြင်ဆင်ထားလေ့ရှိတယ်” လို့ စစ်ကိုင်းမြို့ခံ ဦးလွင်က CJ Platform ကို ပြောပါတယ်။
ဒီလိုမိုင်းတွေ ထောင်ထားပေမဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က သွားလာရေးအတွက် သတိပေးတာမျိုးတွေရှိပေမဲ့ မြေမြှုပ်မိုင်းနဲ့ပတ်သက်တဲ့ အသိပညာပေးတာမျိုးတွေတော့ ပြုလုပ်ပေးတာမျိုးမရှိဘူးလို့ သူက ပြောပါတယ်။
ဒါကြောင့် ဒေသခံတွေအနေနဲ့ လယ်ယာလုပ်ငန်းခွင်တွေထဲ သွားရောက်လုပ်ကိုင်ဖို့အတွက် အခက်တွေ့နေကြရတယ်လို့ အညာဒေသခံ တောင်သူတွေက ပြောပါတယ်။
“ရွာအနီးကနေရာတွေတော့ လုပ်ငန်းလုပ်လို့ရတယ်။ စစ်ရေးနဲ့ မိုင်းနယ်ကို ဟိုဘက်ဒီဘက်ကချဲ့တော့ ရွာမြောက်နဲ့ အရှေ့ဘက်တွေကနေရာတွေမှာ လုပ်ကိုင်မရတာတော့ရှိတယ်” လို့ စစ်ကိုင်းမြို့နယ် ဒီပဲယင်းကွဲကျေးရွာနေ ဦးအေးက ပြောပါတယ်။
တဖန် လယ်ယာမြေလုပ်စားကွက် နယ်မြေကျဥ်းမြောင်းတာကြောင့် ဒေသခံ နေ့စားလုပ်သားတွေအတွက်လည်း အလုပ်အကိုင်ရှားပါးမှုကြောင့် စား၀တ်နေရေး အခက်တွေ့နေကြရတယ်လို့ သိရပါတယ်။
အဲဒီလို စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် စစ်ကိုင်းမြို့နယ်အတွင်းရှိ ဒီပဲယင်းကွဲ၊ စံသစ်(ရွာသစ်)၊ တောင်မြို့၊ တောင်ကြား စတဲ့ကျေးရွာတွေက လယ်ယာမြေ ဧကတစ်ထောင်ခန့်ဟာ ၂ နှစ်ခန့်ကြာတဲ့အထိ စိုက်ပျိုးလုပ်ကိုင်နိုင်ခြင်းမရှိသေးဘူးလို့ ဒေသခံတွေက CJ Platform ကို ပြောပါတယ်။
ဒါ့အပြင် အဲဒီကျေးရွာတွေက ရွာချင်းဆက်လမ်းပိုင်းနဲ့ လယ်ယာမြေတွေအနီး မြေမြုပ်မိုင်းတပ်နဲ့ PDF တွေရဲ့ မြေမြှုပ်မိုင်းကြောင့် ၂၀၂၂ ခုနှစ်ကနေ ဒီနှစ် ၂၀၂၄၊ နို၀င်ဘာ ၁၉ ရက်နေ့အထိ ဒေသခံ ခုနစ်ဦးသေဆုံးခဲ့သလို ၁၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ CJ Platform သတင်းဌာနရဲ့ စုံစမ်းမှုအရ သိရပါတယ်။
ပြီးခဲ့တဲ့ နို၀င်ဘာ ၁ ရက်နေ့က ဒီပဲယင်းကွဲကျေးရွာက အလှူပွဲတစ်ခုဆီ မန္တလေးကနေ ကြွရောက်လာတဲ့ သက်တော် ၅၀ ခန့်ရှိ ရဟန်းတစ်ပါး ထိခိုက်သေဆုံးခဲ့တဲ့အပြင် အတူလိုက်ပါလာတဲ့ အမျိုးသားလည်း ထိခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တချို့ဆီကနေ သိရပါတယ်။
စစ်ကိုင်းဒေသခံတွေအနေနဲ့ စစ်ကောင်စီစစ်ကြောင်းအန္တရာယ်သာမက မြေမြှပ်မိုင်းတွေရဲ့ အန္တရာယ်ဟာ သူတို့ရဲ့ လူနေမှုဘဝအပေါ် စိုးရိမ်မှုတစ်ခုအနေနဲ့ ထင်ဟပ်နေတယ်လို့ ဒေသခံတွေက CJ Platform ကို တညီတညွှတ်တည်းပြောပါတယ်။
ဒါကြောင့် အညာဒေသမှာ မိုင်းနဲ့ပတ်သက်တဲ့ အသိပညာပေးမှုတွေကို အရေးတကြီး ဆောင်ရွက်ပေးဖို့ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဓာတ်ပုံ – စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့
ပုံစာ – ဒီနှစ် ၂၀၂၄၊ အောက်တိုဘာ ၇ ရက်နေ့မှာ စလင်းမြို့နယ်ရှိ စစ်ကောင်စီတပ်ထောင်ထားတဲ့ မြေမြုပ်မိုင်းတွေကို ဒေသခံ PDF တွေရှင်းလင်းထားတဲ့မိုင်းတွေကိုတွေ့ရစဉ်