ဟောင်ကောင်မှာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၄၅ ဦးကို အမျိုးသားလုံခြုံရေး ဥပဒေနဲ့ ထောင်ဒဏ်တွေချမှတ်

Author CJ Platform
Categories
Published on Nov 19, 2024

ဟောင်ကောင် တရားရုံးချုပ်က ယမန်နေ့ နိုဝင်ဘာ ၁၈ ရက်နေ့မှာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၄၅ ဦးကို တရုတ်က ပြဋ္ဌာန်းထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေအရ နိုင်ငံတော်ကို ပုန်ကန်ရန် လျှို့ဝှက်ကြံစည်မှု ပုဒ်မနဲ့ ထောင်ဒဏ် ၁၀ နှစ်အထိ ပြစ်ဒဏ်တွေ အသီးသီးချမှတ်ခဲ့တယ်လို့ နိုင်ငံတကာ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

၂၀၂၁ ခုနှစ်ကတည်းက ဖမ်းဆီးခံထားရတဲ့ တက်ကြွလှုပ်ရှားသူ ၄၇ ဦးကို စွဲဆိုခဲ့တဲ့ အမှုဟာ ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်ပြီး အခုလိုမျိုး ထောင်ဒဏ်တွေ ချမှတ်ခဲ့မှုဟာလည်း အရင်က ဒီမိုကရေစီအရေးတက်ကြွ လှုပ်ရှားမှုတွေမှာ နာမည်ရခဲ့တဲ့ ဟောင်ကောင်ရဲ့ ပုံရိပ်ကို ထိခိုက်ခဲ့သလို နိုင်ငံတကာရဲ့ ရှုတ်ချမှုတွေကိုလည်း ခံနေရပါတယ်။

 

တက်ကြွလှုပ်ရှားသူ ၄၇ ဦးထဲမှာ စီစဉ်သူအဖြစ်သတ်မှတ်ခံထားရတဲ့ ဥပဒေပညာရှင်ဟောင်း ဘန်နီတိုင် ကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ပြီး အခြားသူတွေကိုတော့ လေးနှစ်ကျော်ကနေ ၁၀ နှစ်အထိရှိတဲ့ ပြစ်ဒဏ်တွေ အသီးသီးချမှတ်ခဲ့တာပါ။

 

စွပ်စွဲချက်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာ ရွေးကောက်ပွဲအတွက် အကောင်းဆုံး ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ဖို့အတွက် တရားမဝင် ကြိုတင်ရွေးကောက်ပွဲ ကျင်းပခဲ့ခြင်းနဲ့ ဆက်စပ်နေပါတယ်။

 

အစိုးရဘက်ကတော့ အခုလိုလုပ်တာဟာ သူတို့ရွေးချယ်ထားတဲ့သူတွေသာ ရွေးကောက်တင်မြှောက်ခံခဲ့ရရင် အစိုးရလုပ်ငန်းတွေကို ရပ်တန့်သွားစေနိုင်တဲ့ အနှောင့်အယှက်ဖြစ်စေမဲ့ လုပ်ရပ်တွေမှာ ပါဝင်ဖို့ ကြံစည်ခဲ့တာသာ ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

 

အမေရိကန်ပြည်ထောင်စုကတော့ အခုတရားစီရင်မှုဟာ “နိုင်ငံရေးရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခြင်း” ဖြစ်တယ်လို့ ဝေဖန်ခဲ့ပြီး ဒီမိုကရေစီအရေး လှုပ်ရှားသူတွေဟာ တရားဝင်တဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ငြိမ်းချမ်းစွာ ပါဝင်ခဲ့တာသာ ဖြစ်တဲ့အတွက် လွှတ်ပေးသင့်တယ်လို့လည်း ဆိုခဲ့ပါတယ်။

 

အမေရိကန်သမ္မတအသစ် ဒေါ်နယ်ထရမ့်ရဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရွေးချချယ်ခံထားရသူ မာကိုရူဘီယိုကလည်း အခုကိစ္စကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး အခုလုပ်ရပ်ဟာ “ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ထိပါးတာ၊ ဥပဒေကို ချိုးဖောက်တာနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို ချိုးဖောက်တာဖြစ်တယ်”လို့ ဆိုပါတယ်။

 

တရုတ်နဲ့ ဟောင်ကောင်အစိုးရတွေကတော့ ၂၀၁၉ ခုနှစ်က အစုလိုက်အပြုံလိုက် ဒီမိုကရေစီဆန္ဒပြပွဲတွေ ပြီးတဲ့နောက် တည်ငြိမ်မှု ပြန်လည်ရရှိဖို့အတွက် အမျိုးသားလုံခြုံရေးဥပ‌ဒေဟာ လိုအပ်ကြောင်းနဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကို ပြည်တင်းဥပဒေတွေနဲ့အညီ ဆက်ခံခဲ့တယ်လို့ ဆိုကြပါတယ်။

 

အခုတရားစီရင်မှုကို လူအများက စိတ်ဝင်စားခဲ့ကြသလို မိုးရွာနေတဲ့ကြားမှာပဲ ရာနဲ့ချီတဲ့လူတွေဟာ တရားရုံးအပြင်မှာ မနက်အစောကတည်းက တန်းစီခဲ့ကြပြီး အဓိကတရားခွင်နဲ့ အခြား ဆက်စပ်တရားခွင်တွေမှာ နေရာရဖို့ ကြိုးပမ်းခဲ့ကြပါတယ်။

 

အာဏာပိုင်တွေဘက်ကလည်း တရားရုံးပြင်ပနဲ့ ပတ်ဝန်းကျင်လမ်းတွေမှာ ရဲတပ်ဖွဲ့တွေကို တင်းတင်းကျပ်ကျပ် ချထားခဲ့ပါတယ်။

 

“ဒီလိုမတရားမှုကို မျက်မြင်တွေ့ဖို့ လိုအပ်တယ်လို့ ခံစားရပါတယ်။ သူတို့အမှုကို ကျွန်မ လိုက်ပြီး စောင့်ကြည့်နေတာ ကြာပါပြီ။ သူတို့ (ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ) တွေဘက်မှာ ပြည်သူ့ထောက်ခံမှုတွေ ရှိနေသေးတယ်ဆိုတာ သူတို့တွေ သိဖို့လိုအပ်တယ်”လို့ မနက်ပိုင်းကတည်းက တန်းစီနေတဲ့ အသက် ၅၉ နှစ်အရွယ် မာဂရက်က ပြောပါတယ်။

 

ရက်ပေါင်း ၁၁၈ ရက်ကြာ တရားခွင်စစ်ဆေးမှုတွေ လုပ်ပြီးတဲ့နောက်မှာ တက်ကြွလှုပ်ရှားသူ ၁၄ ဦးဟာ အပြစ်ရှိတယ်လို့ ပြီးခဲ့တဲ့ မေလမှာ တွေ့ရှိခဲ့ပြီး အခြားတက်ကြွလှုပ်ရှားသူတွေထဲက ဩစတေးလျနိုင်ငံသား ဂေါ်ဒွန်ငိုင် နဲ့ အိုဝင်ချောင်တို့ နှစ်ဦးကိုတော့ အပြစ်မရှိဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။

 

ကျန်ရှိတဲ့သူတွေဖြစ်တဲ့ ဘန်နီတိုင်၊ ကျောင်းသားတက်ကြွလှုပ်ရှားသူ ဂျိုရှုအာဝေါင်တို့အပါအဝင် ၃၁ ဦးကတော့ အပြစ်ရှိတယ်လို့ ဝန်ခံခဲ့တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ- Anthony Kwan/ Getty Images

 

ပုံစာ- ဖမ်းဆီးခံထားရတဲ့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ၄၇ ဦးပုံ ပါဝင်တဲ့ လက်ကိုင်ဆိုင်းဘုတ်တွေကို တရားခွင်ပြင်ပမှာ ထောက်ခံသူတွေက ကိုင်ဆောင်ထားကြပုံ

 

ကိုးကား- Reuters