ကလေးမှာ စစ်ကောင်စီ အဖမ်းအဆီးကြမ်းနေပြီး လူငယ်တွေကို စစ်သင်တန်းပို့

Author ဆလိုင်း
Categories
Published on Oct 19, 2024

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်ကောင်စီက လူငယ်တွေကို ဖမ်းဆီးပြီး စစ်သင်တန်း ပို့ဆောင်နေတယ်လို့  ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။

 

အဲဒီထဲမှာ စစ်သင်တန်း တက်ချင်တဲ့ ဆန္ဒမရှိတဲ့ လူငယ်တွေပါရင် စစ်ကောင်စီကို ငွေ ကျပ်သိန်း ၁၀၀ ပေးပြီး မိသားစုဝင်တွေက ပြန်ရွေးရတယ်လို့လည်း ဆိုပါတယ်။

 

“ကျွန်တော့်သားကို ဖမ်းသွားတုန်းက ပြန်ရွေးလို့ မရတော့ဘူး ထင်နေတာ။ မနက် ချက်ချင်း လိုက်သွားတော့မှ သိန်းတစ်ရာနဲ့ ရွေးရမယ်ပြောတယ်။ ရွေးပြီးတော့ ပြန်လွတ်လာတယ်”လို့ မိဘတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ငွေကြေးမတတ်နိုင်တဲ့သူတွေကို စစ်ကောင်စီက ပြန်မလွှတ်ပေးဘဲ စစ်သင်တန်းတက်ရောက်ဖို့ လက်ရှိမှာ ပြင်ဆင်ဆောင်ရွက်နေတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။

 

ဖမ်းဆီးခံရသူတွေဟာ နိုင်ငံရေးနဲ့ ပတ်သက်လို့ စွပ်စွဲ ဖမ်းဆီးခံရတာ မဟုတ်ဘဲ ဆိုင်ကယ်တစ်စီး၊ အမျိုးသားနှစ်ဦး မောင်းနှင်တယ်ဆိုတဲ့ အချက်နဲ့ အဓိက ဖမ်းဆီးတာလို့ ဆိုပါတယ်။ ဖမ်းဆီးတဲ့သူတွေကို ကလေးမြို့အကျဥ်းထောင် အနီးရှိ လေ့ကျင့်ရေးတပ်ကို ပို့ဆောင်ထားတယ်လို့ သိရှိရပါတယ်။

 

“အဖမ်းခံရတဲ့သူတွေက နိုင်ငံရေးကိစ္စကြောင်း မဟုတ်ဘူး။ အကြောင်း အမျိုးအမျိုးကြောင့် မတရားဖမ်းဆီးခံရတာ ဖြစ်တယ်။ အများအားဖြင့် ဆိုင်ကယ်တစ်စီး အမျိုးသားနှစ်ဦး စီးနင်းသူတွေ ပိုများတယ်”လို့ ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

စစ်ကောင်စီက ကလေးမြို့ လူစည်းကားတဲ့နေရာ၊ လမ်းဆုံနေရာ၊ ချမ်းမြေ့အောင်ရပ်ကွက် စတဲ့နေရာတွေမှာ ဖမ်းဆီးမှုတွေ ပိုလုပ်ဆောင်ကြတယ်လို့ သိရှိရပါတယ်။

 

အရင်က အသက်မပြည့်တဲ့ လူငယ်တွေကို ဖမ်းဆီးပြီး ထိုင်ထပြုလုပ်ခိုင်းကာ ပြန်လွှတ်ပေးခဲ့ပေမဲ့ လက်ရှိမှာတော့ ပိုက်ဆံ၊ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းတွေနဲ့ အဆင့်ဆင့် ရွေးခိုင်းတယ်လို့ ဆိုပါတယ်။

 

“အဖမ်းခံရတဲ့ထဲမှာ အသက်မပြည့်တဲ့ ကလေးတွေလည်း ပါတယ်။ သူတို့တွေကို မိဘတွေက အသက်မပြည့်ကြောင်း အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်နဲ့ ပြန်ရွေးရတယ်။ ပြီးတော့ ငွေတွေလည်း ပေးရတယ်။ ဒါတော့ သတ်မှတ်ထားတာမရှိဘူး”လို့ ဒေသခံအမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ယမန်နေ့ အောက်တိုဘာလ ၁၈ ရက်နေ့မှာ လမ်းသွားလမ်းလာ လူငယ် လေးဦးထက်မနည်း ဖမ်းဆီးခံရသလို အောက်တိုဘာ ၁၇ ရက်နေ့ကလည်း လူငယ် ခြောက်ဦးထက်မနည်း ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

 

၎င်းတို့ကို ကလေးမြို့အနီးရှိ စခန်းကြီးကျေးရွာ အမှတ် (၁၀) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

 

လက်ရှိ ကလေးမြို့မှာ စစ်ကောင်စီ သင်တန်းပေးတဲ စစ်သင်တန်း အပတ် (၆) တက်ရောက်နေကြပြီး စစ်သင်တန်း အပတ်စဥ် (၇) အတွက် လူငယ်တွေကို ဖမ်းဆီးပြီး လူသစ်စုဆောင်းနေတာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

 

“ဒီတစ်ခေါက်တော့ အမျိုးသားတွေချည်းမဟုတ်ဘဲ အမျိုးသမီးတွေလည်း ပါဝင်မယ်လို့ ပြောတယ်။ လူငယ်တွေ အဖမ်းဆီးတော့ ဆက်တိုက်ပါပဲ။ အဲဒီထဲမှာ အမျိုးသမီးတွေက မပါသေးဘူး”လို့ ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ရှင်းပြပါတယ်။  

 

စစ်သင်တန်း အပတ်စဥ် (၇) အတွက် အမျိုးသမီးတွေလည်း ပါဝင်ရမယ်ဆိုတဲ့ သတင်းတွေကြောင့် ကလေးမြို့က အမျိုးသမီးထုဟာ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။