“ဒီတစ်ပတ် ကျပ်ငွေအပြောင်းအလဲ” (ဇန်နဝါရီ ၁၃ ရက်ကနေ ၁၈ ရက်နေ့အထိ)

Published on Jan 19, 2025

“နှစ်ပတ်ဆက်ကျတဲ့ ကျပ်ငွေကြောင့် နိုင်ငံခြားငွေဈေးအားလုံးထပ်မံမြင့်တက်”

 

ဒီနှစ် ၂၀၂၅ နှစ်စကစတင်ပြီး ကျပ်ငွေဈေးတွေ ထိုးကျလာခဲ့တာ နှစ်ပတ်ကျော်လာခဲ့ပေမဲ့ ဆက်ကျနေတာကြောင့် ဒီတစ်ပတ်မှာ နိုင်ငံခြားငွေဈေးတွေအားလုံး ထပ်မံမြင့်တက်လာတာတွေ့ရပါတယ်။

 

ဒီတစ်ပတ် တနင်္လာနေ့၊ ဇန်နဝါရီ ၁၃ ရက်မှာ တရုတ်ယွမ် ခြောက်သိန်း၊ နောက်တစ်ရက်မှာ ဘတ် ငါးသိန်းခွဲကျော်၊ ရွှေဈေး၊ ငွေဈေးတွေ ဒီတစ်ပတ်ထဲ အမြင့်ဆုံးတက်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ အမေရိကန်ဒေါ်လာ ၂၅ သန်းကျော်နဲ့ တရုတ်ယွမ် သုံးသိမ်းလေးသောင်းနီးပါး၊ ကြာသပတေးနေ့မှာ ဘတ် တစ်သန်းနဲ့ သောကြာနေ့မှာ ကန်ဒေါ်လာ တစ်သိန်းနီးပါးနဲ့ တရုတ်ယွမ် ၁ ဒသမ ၁ သန်းကျော်သွင်းကုန်လုပ်ငန်းရှင်တွေဆီ ရောင်းချပေးခဲ့တယ်လို့ စစ်ကောင်စီဗဟိုဘဏ်ရဲ့ အွန်လိုင်းနိုင်ငံခြားငွေကြေးဈေးကွက်(FX)ကနေ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

 

တဖန် စစ်ကောင်စီဗဟိုဘဏ်က သူတို့ခွင့်ပြုချက်မရှိဘဲ ငွေလဲလုပ်ငန်းလုပ်သူ ၂၆ ဦးကို စိစစ်ခဲ့ရာမှာ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့က ၉ ဦးကိုအမှုဖွင့်ပြီး ၆ ဦးကို တရားစွဲထားတယ်လို့ ဇန်နဝါရီ ၁၄ ရက်၊ အင်္ဂါနေ့မှာ ထုတ်ပြန်ထားပါတယ်။

 

ဒါ့အပြင် ဖေ့ဘွတ်ခ်ဂရု ၁၂ ခု၊ စာမျက်နှာ ၅ ခုနဲ့ လူပုဂ္ဂိုလ်နဲ့ ဖေ့ဘွတ်ခ်အကောင့် ၁၀ ခုတို့ကို အရေးယူနိုင်ရေး စိစစ်ဖော်ထုတ်နေတယ်လို့ နာမည်စာရင်းနဲ့တကွ ထုတ်ပြန်ထားတာတွေ့ရပါတယ်။

 

ဒါပေမဲ့ ဒီတစ်ပတ် အဖွင့်ရက်ကစပြီး နိုင်ငံခြားငွေဈေးတွေအားလုံးမြင့်တက်လာတာတွေ့ရပြီး ဇန်နဝါရီ ၁၅ ရက် ဗုဒ္ဓဟူးနေ့မှာတော့ အမြင့်ဆုံးဈေးတွေအထိ ရောက်ခဲ့တာတွေ့ရပါတယ်။ ကြာသပတေးနဲ့ သောကြာနေ့တွေမှာ ပြန်လည်ကျဆင်းခဲ့ပေမဲ့ သောကြာနေ့မှာတော့ ပြန်လည်မြင့်တက်ခဲ့ပါတယ်။

 

တစ်ပတ်လုံးအတိုင်းအတာအရ အမေရိကန်တစ်ဒေါ်လာကို ၅၀ ကျပ်၊ တစ်ယူရိုကို ၈၅ ကျပ်၊ စင်ကာပူတစ်ဒေါ်လာကို ၁၀၀ ကျပ်၊ ထိုင်းတစ်ဘတ်ကို လေးကျပ်ကျော်၊ တရုတ်တစ်ယွမ်ကို ၁၀ ကျပ်နီးပါး၊ မလေးရှားတစ်ရင်းဂစ်ကို ၂၀ ကျပ်နီးပါးနဲ့ ဂျပန်တစ်ယမ်းကို တစ်ကျပ်ခန့်မြင့်တက်လာတယ်လို့ သိရပါတယ်။

 

စနေနေ့ နိုင်ငံခြားငွေကြေးဈေးနှုန်းတွေကတော့ အမေရိကန်တစ်ဒေါ်လာ ၄၆၅၀ ကျပ်၊ တစ်ယူရို ၄၇၆၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာ ၃၃၉၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၃၅ ကျပ်ကျော်၊ ဂျပန်တစ်ယမ်း ၂၉ ကျပ်ကျော်၊ မလေးရှားတစ်ရင်းဂစ် ၁၀၂၈ ကျပ်နီးပါး၊ တရုတ်တစ်ယွမ် ၆၃၂ ကျပ်နဲ့ ကိုရီးယားတစ်ဝမ် ၃ ကျပ်ကျော်ဈေးရှိတယ်လို့ သိရပါတယ်။

 

Source – Myanmar Market Price