ဒီတစ်ပတ် ငါတို့နိုင်ငံဘာထူးလဲ? (ဇန်နဝါရီ ၁၃ ရက်ကနေ ၁၈ ရက်နေ့အထိ)
ဒီတစ်ပတ် (ဇန်နဝါရီ ၁၃ ရက်ကနေ ၁၈ ရက်နေ့အထိ) အတွင်း စစ်ကောင်စီတပ်က မြန်မာနိုင်ငံတဝန်းဗုံးပတ်ကြဲနေဆဲဖြစ်သလို အဆိုးရွားဆုံးဖြစ်ခဲ့တာကတော့ ဖားကန့်မြို့နယ်ထဲမှာဖြစ်ပါတယ်။ ဖားကန့်ဟာ တစ်ရက်တည်း ဗုံးကြဲခံရတဲ့အပြင် နွံကန်ပြိုကျမှုလည်းဖြစ်ပွားခဲ့လို့ ပုပ်ရဟန်းမင်းကြီးကိုယ်တိုင်က ဆုတောင်းမေတ္တာပို့သရတဲ့အထိပါပဲ။ နောက်ထပ်ထူးတာကတော့ မြဝတီက ကျားဖြန့်လုပ်ငန်းတွေအရေး တရုတ်ဖိအားပေးလာတဲ့သတင်းကလည်း ထိပ်တန်းမှာရှိနေခဲ့ပါတယ်။ အဲဒီလိုပဲ စစ်ကောင်စီနဲ့ MNDAA တို့ရဲ့ ဒုတိယအကြိမ်ဆွေးနွေးပွဲနဲ့ HRW ရဲ့ ၂၀၂၅ အစီရင်ခံစာထဲက မြန်မာအကြောင်းပြောတဲ့သတင်းတွေလည်း စိတ်ဝင်စားစရာအကောင်းဆုံးအဖြစ်ရှိနေခဲ့ပါတယ်။ တစ်ပတ်လောက်လူမြင်ကွင်းက ပျောက်နေတဲ့ စစ်ခေါင်းဆောင်တွေလည်း သူတို့ရဲ့ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာပြန်ပေါ်လာတာတွေ့ရပါတယ်။ ဒီလိုသတင်းတွေနဲ့အတူ အထူးခြားဆုံးနဲ့ စိတ်ဝင်စားမှုအဖြစ်ဆုံးသတင်းတွေကို အနှစ်ချုပ်ဖော်ပြထားပါတယ်။
****************************************
“တရုတ်နဲ့ထိပ်တိုက်တွေ့သွားတဲ့ မြဝတီက ကျားဖြန့်များ”
တရုတ်သရုပ်ဆောင် ဝမ်ရှင်းနဲ့ တရုတ်နိုင်ငံသား ၅၀ ဦးတို့ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်၊ မြဝတီမြို့နယ်အတွင်းရှိ ကျားဖြန့်ဂိုဏ်းထဲက ပြီးခဲ့တဲ့အပတ်အတွင်း ပြန်လွတ်လာပြီးနောက် ဆက်တိုက်ဆိုသလို တရုတ်နိုင်ငံသားတွေ ထိုင်း-မြန်မာနယ်စပ်မှာ ပျောက်ဆုံးမှုတွေ ခပ်စိပ်စိပ်ဖြစ်လာပါတယ်။
ဒီအကြောင်းတွေ တရုတ်နဲ့ ထိုင်းသတင်းဌာနတွေကလည်း ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြခဲ့ကြသလို မြဝတီမြို့နယ်ထဲမှာရှိနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း(ခ)ကျားဖြန့်လုပ်ငန်းတွေအကြောင်း ရေးသားဖော်ပြမှုတွေပြုလုပ်ခဲ့ကြပါတယ်။
အဲဒီထဲ ကရင်အမျိုးသားတပ်မတော်(KNA)လို့ အမည်ပြောင်းထားတဲ့ ကရင်နယ်ခြားစောင့်တပ်(BGF)ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူရဲ့ ဒီလုပ်ငန်းတွေအပေါ် ကြိုးကိုင်ခြယ်လှယ်မှုတွေလည်း အပါအဝင်ဖြစ်ပါတယ်။
ဒီလိုသတင်းတွေထွက်ပေါ်လာပြီးနောက် စောချစ်သူဦးဆောင်တဲ့ BGF နဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)တို့က မြဝတီမြို့နယ်အတွင်းရှိ တရုတ်လုပ်ငန်းရှင်တွေကို ဇန်နဝါရီ ၁၅ ရက် ဗုဒ္ဓဟူးနေ့က ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။
မြဝတီမြို့နယ်အတွင်း ကြီးထွားနေတဲ့ ငွေလိမ်ဂိုဏ်းတွေ၊ လူကုန်ကူးမှုနဲ့ ရာဇဝတ်လုပ်ငန်းတွေရပ်တန့်ရေးအပါအဝင် အသက် ၁၈ နှစ်အောက် ကလေးသူငယ်တွေကို စေခိုင်းခြင်း၊ ငွေညှစ်ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းများ မပြုလုပ်ဖို့နဲ့ ပြုလုပ်ပါက လုပ်ငန်းပိတ်သိမ်းတဲ့အထိ အရေးယူမယ်လို့ BGF ခေါင်းဆောင်က အစည်းအဝေးအတွင်း သတိပေးခဲ့တဲ့အကြောင်း KIC သတင်းဌာနက ရေးသားဖော်ပြပါတယ်။
အဲဒီအစည်းအဝေးမှာ BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ၊ ဒုဗိုလ်မှူးကြီး စောမုတ်သုန်၊ ဗိုလ်မှူး တင်ဝင်း၊ DKBA ဒု စစ်ဦးစီးချုပ် စောရွှေဝ၊ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ် စောဆန်းအောင်၊ စိုင်းကျော်လှနဲ့ အခြားအရာရှိတွေအပါအဝင် တရုတ်စီးပွားရေးသမား ၆၀ ဦးခန့် တက်ရောက်ခဲ့ပါတယ်။
ဒါပေမဲ့ ဒီအစည်းအဝေးပွဲကို စောချစ်သူက ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ နားလည်ရပြီး ထိုင်း-မြန်မာ အဓိကနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မြဝတီမြို့နယ်ကို ဘယ်သူက စိုးမိုးခြယ်လှယ်နေသလဲဆိုတာ ဒီအစည်းအဝေးက မြင်သာစေပါတယ်။
မြဝတီမြို့နယ်ထဲက လောင်းကစားရုံများ၊ လောင်းကစားဝိုင်းများကို သုံးလအတွင်း ပိတ်သိမ်းဖို့ DKBA က တာဝန်ယူဆောင်ရွက်မယ်လို့ DKBA ဒု စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောရွှေဝက KIC ကို ပြောထားပါတယ်။
ဒီလိုမြဝတီက ကျားဖြန့်သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာချိန်မှာပဲ အဓိကပစ်မှတ်ထားခံရတဲ့ တရုတ်အစိုးရဘက်က နှိမ်နင်းရေးအသံတွေ ထွက်ပေါ်လာပါတယ်။
ကျားဖြန့်လုပ်ငန်းတွေကို အာဆီယံနိုင်ငံတွေနဲ့ပူးပေါင်းပြီး နယ်စပ်ဖြတ်ကျော် နှိမ်နှင်းဖို့ အဆင်သင့်ဖြစ်နေပြီလို့ တရုတ်နိုင်ငံ ဘေကျင်းမြို့မှာ ဇန်နဝါရီ ၁၆ ရက်တုန်းကကျင်းပခဲ့တဲ့ တရုတ်နဲ့ အာဆီယံ ၁၀ နိုင်ငံရဲ့ အာဆီယံသံတမန်တွေ တွေ့ဆုံပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားလိုက်ပါတယ်။
ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာတည်ရှိနေတဲ့ ကျားဖြန့်လုပ်ငန်းတွေကို သက်ဆိုင်ရာ နိုင်ငံတွေက နှိမ်နင်းသွားကြမှာဖြစ်တယ်လို့ သူက ပြောပါတယ်။
အဲဒီနောက်မှာပဲ တရုတ်အစိုးရပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက မြဝတီမြို့အခြေစိုက် လူကုန်ကူးဂိုဏ်းကို ခြေရာခံနိုင်ပြီလို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနမှာ ဇန်နဝါရီ ၁၇ ရက် သောကြာနေ့က ဖော်ပြထားပါတယ်။
ဒီဂိုဏ်းတွေက ဖမ်းဆီးထားသူတွေကို ကယ်တင်ဖို့ ဒီဝန်ကြီးဌာနက ဒေသအသီးသီးရှိ ပြည်သူ့လုံခြုံရေးတပ်များကို ဖြန့်ထားပြီလို့လည်း ပြောထားပါသေးတယ်။
ဒီတပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အစောပိုင်းက ကိုးကန့်ဒေသအခြေစိုက် ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နှင်းခဲ့တဲ့ စစ်ဆင်ရေးမှာ ဦးဆောင်ခဲ့တဲ့ တပ်ဖွဲ့တွေဖြစ်ပါတယ်။
လက်ရှိမှာတော့ ထိုင်း-မြန်မာနယ်စပ်မှာ ဇန်နဝါရီ ၃ ရက်နေ့က တရုတ်သရုပ်ဆောင် ဝမ်ရှင်း လူကုန်ကူးမှုနဲ့ပတ်သက်ပြီး သံသယရှိသူ ၁၂ ဦးကို ထိုင်းရဲတွေက ဖမ်းဆီးထားတယ်လို့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
****************************************
“ဖားကန့်ကမ္ဘာပျက်တဲ့နေ့”
ညသန်းခေါင် နွံကန်ပြိုလို့ လူတွေ ဂယောက်ဂယက်ဖြစ်နေချိန်မှာပဲ မနက်ပိုင်းမှာ ဗုံးထပ်ကြဲခံခဲ့ရပါတယ်။
ဒီဖြစ်ရပ်တွေဟာ ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စုထဲက စပေါ့ကျေးရွာနဲ့ လုံးခင်းကျေးရွာအုပ်စုထဲက မဇွပ်နဲ့ ဆန်ခါရွာတွေမှာဖြစ်ပါတယ်။
ဇန်နဝါရီလ ၁၃ ရက် တနင်္လာနေ့ မနက် ၁ နာရီခန့်မှာ ရတနာအဓိပတိကုမ္ပဏီလုပ်ကွက်ရဲ့ စွန့်ပစ်မြေစာဖို့နေတဲ့ နွံကန်ပေါက်ကျခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် စပေါ့ကျေးရွာရှိ နေအိမ် ၅၀ ကျော် ရွံ့နွံများဖုံးလွှမ်းပျက်စီးခဲ့ပြီး ရုပ်အလောင်း ၃၂ ခုအထိ တွေ့ရှိခဲ့ပြီးနောက် ဇန်နဝါရီ ၁၆ ရက်နေ့မှာ ရှာဖွေရေးလုပ်ငန်းတွေရပ်ဆိုင်းခဲ့ပါတယ်။
ဒါပေမဲ့ ပျောက်ဆုံးနေသူတွေ ကျန်ရှိနေနိုင်သေးတယ်လို့ ဒေသခံတွေက ယုံကြည်နေလို့ ဆက်လက်ရှာဖွေလိုနေကြပါတယ်။
ဒီနွံကန် ပြိုကျမှုမှာ ထိခိုက်သေဆုံးခဲ့ရသူတွေကို ကူညီဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းပါတယ်။
“ဒီဖြစ်ရပ်မှာ ဆုံးပါးခဲ့ကြရသူတွေရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေနဲ့အတူ ဆုတောင်းနေပါတယ်။ ဒီညီရင်းအကို မောင်ရင်းနှမတွေအနေနဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ အမေ့ပျောက်ခံ မဖြစ်သင့်ဘဲ အကူအညီတွေ ရသင့်ပါတယ်” လို့ ဇန်နဝါရီလ ၁၅ ရက်က ပုပ်ရဟန်းမင်းကြီးက ဗာတီကန်မှာ လူထုနဲ့တွေ့ဆုံချိန် ထည့်သွင်းပြောကြားခဲ့ပါတယ်။
အဲဒီဖြစ်စဉ်နဲ့တစ်ရက်တည်းမှာပဲ စစ်ကောင်စီတပ်က လုံးခင်းကျေးရွာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုအတွင်း မဇွပ်ယန်နဲ့ ဆန်ခါကျေးရွာတွေထဲ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် တစ်နှစ်ခွဲအရွယ်ကလေးအပါအဝင် ၁၃ ဦး သေဆုံးတဲ့အပြင် ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် တနိုင်းမြို့နယ် လပူခမှော်အနီးရှိ စံလွန်မှော်ကိုလည်း ဇန်နဝါရီလ ၁၁ ရက်နေ့ မနက်ပိုင်းက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၅ ဦးသေဆုံးတဲ့အပြင် ၁၀ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
****************************************
“မအောင်မြင်တဲ့ဆွေးနွေးပွဲ ထပ်လုပ်ကြတဲ့ စစ်ကောင်စီနဲ့ MNDAA”
တရုတ်ဖိအားကြောင့် နိုင်ငံရေးဆွေးနွေးတွေလုပ်မယ်ဆိုပြီး ပထမဆုံးထုတ်ပြန်ခဲ့တဲ့ ကိုးကန့်တပ် MNDAA နဲ့ စစ်ကောင်စီတို့ကြား ဒီတစ်ပတ် ကြာသပတေးနေ့ ဇန်နဝါရီ ၁၆ ရက်က တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ဒုတိယအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးမှုပြန်လည်စတင်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်နေ့က အပစ်ရပ်ပြီး ဆွေးနွေးမယ်လို့ ကိုးကန့်တပ်ထုတ်ပြန်အပြီး ဒီဇင်ဘာ ၁၅ နဲ့ ၁၆ ရက်နေ့တွေမှာ နှစ်ဖက်တာဝန်ရှိသူတွေတွေ့ဆုံခဲ့ကြပေမဲ့ ဘာသဘောတူညီမှုမှ မရခဲ့ပါဘူး။
အဲဒီတွေ့ဆုံပွဲမှာ စစ်ကောင်စီတပ်ဘက်က ကာကွယ်ရေးစစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး ဗိုလ်ချုပ်ကြီး ကိုကိုဦးနဲ့အဖွဲ့နဲ့ MNDAA ဘက်က တာဝန်ရှိသူတွေဟာ ကူမင်းမြို့မှာပဲတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမဲ့ မကျေလည်မှုတွေဖြစ်ပေါ်ခဲ့ပြီး ဒီနှစ် ၂၀၂၅၊ ဇန်နဝါရီလထဲမှာ ထပ်ဆွေးနွေးဖို့ သဘောတူညီခဲ့ကြတာပါ။
တစ်လအကြာမှာပြန်လုပ်တဲ့ဆွေးနွေးပွဲကိုလည်း အရင်တွေ့ဆုံမှုအတိုင်း နှစ်ရက်လုပ်ဖို့ရှိနေပြီး ပထမအကြိမ်တောင်းဆိုချက်တွေပဲ စစ်ကောင်စီဘက်က တောင်းဆိုနိုင်လို့ တစ်စုံတစ်ရာသဘောတူညီချက်ထွက်လာဖို့မလွယ်ဘူးလို့ ဆွေးနွေးပွဲစောင့်ကြည့်လေ့လာသူတွေက သုံးသပ်နေကြပါတယ်။
ဒီဇင်ဘာလလယ်အစည်းအဝေးအတွင်း စစ်ကောင်စီတပ်ဘက်က လားရှိုးမြို့ကနေ ကိုးကန့်တပ်တွေ တစ်ဆင့်ချင်းပြန်လည်ဆုတ်ခွာဖို့၊ ကိုးကန့်တပ်ဖမ်းထားတဲ့ စစ်သုံ့ပန်းတပ်မှူးနဲ့ တပ်ဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးဖို့၊ လားရှိုး-ကွမ်လုံ-ချင်းရွှေဟော် နယ်စပ်ဂိတ်တွေ လမ်းကြောင်းပြန်ဖွင့်ဖို့တောင်းဆိုခဲ့ပါတယ်။
ကိုးကန့်တပ်ဘက်ကတော့ လားရှိုးကို ရှမ်းပြည်အထူးဒေသ (၁)ထဲ ထည့်သွင်းပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဒီတောင်းဆိုမှုတွေဟာ ငြိမ်းချမ်းရေးကို ဦးတည်နေတာမတွေ့ရဖို့ တစ်ဖက်နဲ့တစ်ဖက် ကိုယ်လိုရာတွေတောင်းဆိုခဲ့ကြတာတွေ့ရပါတယ်။
MNDAA လိုအပစ်ရပ်ပြီး နိုင်ငံရေးနည်းနဲ့ဆွေးနွေးဖို့ သူ့ရဲ့မဟာမိတ်တွေဖြစ်တဲ့ တအာင်းတပ် TNLA နဲ့ အာရက္ခတပ်တော် AA တို့က ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းကာလတွေမှာ အသီးသီးထုတ်ပြန်ထားကြပါတယ်။
****************************************
“HRW ပြောတဲ့ စစ်ကောင်စီတပ်လုပ်ရပ်များ”
ကမ္ဘာ့လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့အစည်းကြီးဖြစ်တဲ့ Human Right Watch(HRW)ဟာ နိုင်ငံပေါင်း ၁၀၀ ကျော်က လူ့အခွင့်အရေးလေ့လာဆန်းစစ်မှုတွေပါဝင်တဲ့ World Report ၂၀၂၅ အစီရင်ခံစာထဲ စစ်ကောင်စီတပ်ရဲ့လုပ်ရပ်တွေအကြောင်းလည်း ထည့်သွင်းဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း စစ်ကောင်စီတပ်ဟာ သူတို့စစ်ရှုံးပြီး တော်လှန်ရေးအဖွဲ့တွေဆီ လက်လွှတ်ခဲ့ရတဲ့ နယ်မြေတွေအားလုံးကို မြေလှန်ဖျက်ဆီးတဲ့နည်းလမ်းကို အသုံးပြုခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(HRW)က ပြောကြားလိုက်ပါတယ်။
စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်မှု၊ တရားမဲ့သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှု၊ အကြမ်းဖက်မှုနဲ့ မရေမတွက်နိုင်တဲ့မီးရှို့ဖျက်ဆီးမှုတွေကို အရပ်သားနဲ့ အရပ်သားအဆောက်အအုံဆိုပြီး မခွဲခြားဘဲ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ HRW က ပြောပါတယ်။
Human Rights Watch ရဲ့ အာရှရေးရာ လက်ထောက်ညွှန်ကြားရေးမှူး ဘရိုင်နီ လောင်က “စစ်အစိုးရဆန့်ကျင်ရေးအဖွဲ့တွေနဲ့ တိုင်းရင်းသားလူနည်းစုတပ်တွေရဲ့ ခုခံမှုကို တုံ့ပြန်တဲ့အနေနဲ့ မြန်မာစစ်တပ်ဟာ အရပ်သားတွေနဲ့ အရပ်ဘက်အခြေခံအဆောက်အအုံတွေအပေါ် ကြီးလေးတဲ့ရာဇ၀တ်မှုတွေ တိုးလုပ်လာနေပါတယ်” လို့ ပြောပါတယ်။
ဆက်လက်ပြီး သူက “လူသားချင်းစာနာထောက်ထားမှုအကူအညီလိုအပ်နေသူတွေ လက်လှမ်းမမီစေဖို့ စစ်အစိုးရက တားမြစ်ပိတ်ပင်ထားတာကြောင့် ဒေသခံတွေရဲ့ ဆင်းရဲဒုက္ခကို ပိုဆိုးသွားစေပါတယ်” လို့ သူမက ပြောပါတယ်။
HRW ရဲ့ ၂၀၂၅ အစီရင်ခံစာအတွင်း မြန်မာနိုင်ငံထဲ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာကစလို့ တစ်နိုင်ငံလုံးမှာ တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ဆိုထားပါတယ်။ အဲဒီအချိန်ကစပြီး စစ်ကောင်စီဘက်ကလည်း အရပ်သားတွေရှိတဲ့ အခြေခံအဆောက်အအုံတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေ စတင်လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒ့ါအပြင် ၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံမှာ မြေမြှပ်မိုင်းကြောင့် သေဆုံးသူ ကမ္ဘာမှာ ထိပ်ဆုံးကို ရောက်ခဲ့သလို ၂၀၂၄ ခုနှစ်ရဲ့ ပထမ ကိုးလအတွင်းမှာ ကလေး ၂၄၅ ယောက်အပါအဝင် မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၈၈၉ ယောက်ရှိတယ်လို့ ပြောထားပါတယ်။
စစ်ကိုင်းတိုင်းထဲမှာဆိုရင် ၂၀၂၁ ကနေ ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ အိမ်ခြေ တစ်သိန်းကျော် မီးရှို့ခံခဲ့ရပါတယ်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့က စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက်ပိုင်း ကလေးတွေ အပါအဝင် မိသားစုဝင်တွေကို ပြန်ပေးဆွဲတာ၊ အကျဉ်းချတာ၊ ရှေ့တန်းမှာ လူသားဒိုင်းအနေနဲ့ အသုံးပြုတာတွေရှိခဲ့တယ်လို့ HRW ဆိုပါတယ်။ ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီတပ်ရဲ့ စုဆောင်းမှုနဲ့ ကလေး တစ်ထောင်ကျော်ကို အသုံးပြုနေတာကို ကုလသမဂ္ဂက စစ်ဆေးတွေ့ရှိခဲ့တယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်းပြီးချိန်ကစလို အမျိုးသမီး ၅၇၀၀ ကျော်နဲ့ ကလေး ၅၇၀ ကျော် အပါအဝင် လူပေါင်း နှစ်သောင်း ခုနှစ်ထောင့်ငါးရာကို ဖမ်းဆီးခဲ့သလို အကျဉ်းထောင်ထဲမှာ လူပေါင်း ၁၉၀၀ ကျော် သေဆုံးခဲ့တယ်လို့ HRW က ဆိုပါတယ်။
ဒါကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာလက်နက်ရောင်းချမှု တားမြစ်ရေး ဆုံးဖြတ်ချက်တစ်ရပ်ကို အတည်ပြုသင့်သလို စစ်ခေါင်းဆောင်တွေနဲ့ စစ်တပ်ပိုင်ကုမ္ပဏီများကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ကာ နိုင်ငံရဲ့အခြေအနေကို နိုင်ငံတကာ ရာဇ၀တ်တရားရုံး(ICC)သို့ လွှဲပြောင်းပေးသင့်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။
နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းအတွေအနေနဲ့ ပြည်သူတွေဆီပေးမယ့် အကူအညီတွေကို စစ်ကောင်စီဆီတိုက်ရိုက်မပေးဘဲ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အမှီအခိုကင်းတဲ့အဖွဲ့တွေကတစ်ဆင့် ပံ့ပိုးပေးဖို့နဲ့ မြန်မာတရားဝင်ဘဏ်စနစ်ပြင်ပကနေ အဲဒီအဖွဲ့တွေဆီ ကူညီဖို့လည်း HRW က တိုက်တွန်းထားပါတယ်။
****************************************
“တစ်ပတ်လောက်ပျောက်နေတဲ့ စစ်ခေါင်းဆောင် ၂၀၂၅ အတွက် ပထမဆုံးအစိုးရအဖွဲ့အစည်းအဝေးမှာပြန်ပေါ်လာ”
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေး(MSME) လုပ်ငန်းရှင်တွေနဲ့ ပြင်ဦးလွင်မြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့က တွေ့ဆုံပွဲအပြီး လူမြင်ကွင်းက ပျောက်ကွယ်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြန်ပေါ်လာပါတယ်။
ဒီတစ်ပတ် သောကြာနေ့ ဇန်နဝါရီ ၁၇ ရက်မှာ ၂၀၂၅ ခုနှစ်အတွက် ပထမဆုံးပြုလုပ်တဲ့ စစ်ကောင်စီရဲ့ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာဖြစ်ပါတယ်။
အဲဒီအစည်းအဝေးမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်းကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းအကြောင်းထည့်ပြောသွားပါတယ်။ မြန်မာလူဦးရေ ကျဆင်းနေပြီး ၅၁ သန်းကျော်ပဲရှိတော့တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
၂၀၂၂ ခုနှစ်မှာ နိုင်ငံရဲ့ လူဦးရေ ၅၅ ဒသမ ၈ သန်းရှိတယ်လို့ စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ထားတာကြောင့် ၂ နှစ်အတွင်း လူဦးရေ ၄ သန်းဝန်းကျင် ကျဆင်းသွားတာလို့ မှတ်ယူရမှာဖြစ်ပါတယ်။
ဒါပေမဲ့ စစ်ကောင်စီအနေနဲ့ ၂၀၂၄ သန်းခေါင်စာရင်းအတွက် မြို့ပေါင်း ၃၃၀ မှာ အပြည့်အဝ ကောက်ယူနိုင်ခဲ့တဲ့မြို့နယ် ၁၄၅ မြို့နယ်သာရှိပြီး စာရင်းလုံးဝမကောက်နိုင်တဲ့မြို့ ၅၈ မြို့ရှိနေတာကြောင့်ပါ။
ဒါ့အပြင် တစ်စိတ်တစ်ဒေသ ကောက်ယူနိုင်တဲ့မြို့ကတော့ ၁၂၇ မြို့ရှိတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒါကြောင့် လူ ၁၉ သန်းလောက်ကို စစ်ကောင်စီအနေနဲ့ ခန့်မှန်းကောက်ခံခဲ့ရတဲ့သဘောဖြစ်တယ်လို့ လေ့လာစောင့်ကြည်သူတွေက သုံးသပ်ပြောကြားနေကြပါတယ်။
ဒါပေမဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ မွေးဖွားနှုန်းကျဆင်းခြင်း၊ အကြောင်းအမျိုးမျိုးနဲ့ ပြည်ပနိုင်ငံတွေကို ထွက်ခွာသူများပြားလာခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးမှုတွေရှိခဲ့လို့ အခုလိုကျဆင်းတာလို့ ပြည်ထောင်စုအဖွဲ့အစည်းအဝေးမှာ ပြောပါတယ်။