မင်းတပ်မှာ လေကြောင်းတိုက်ခိုက်လို့ အရပ်သား တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရ

Author ဆလိုင်း
Categories
Published on Jul 18, 2024

ချင်းပြည်၊ မင်းတပ်မြို့နယ်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား တစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။

 

ယမန်နေ့ ဇူလိုင်လ ၁၇ ရက် သန်းခေါင်ယံ ၁၂ နာရီဝန်းကျင်မှာ မကွေးလေတပ်မှ ဂျက်ဖိုက်တာနဲ့ မင်းတပ်မြို့နယ်၊ ဘောင်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

အဲဒီလေကြောင်းတိုက်ခိုက်မှုမှာ အသက် ၂၀ ကျော် လူငယ်တစ်ဦး ပွဲချင်းပြီး သေဆုံးသလို အရပ်သား တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိတဲ့အတွက် ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“မနေ့က လေကြောင်းတိုက်ခိုက်တာဟာ ညလူအိပ်ချိန်မှာ ဗုံးကြဲသွားတာပါ။ ဘာအတွက် လေကြောင်းတိုက်ခိုက်တာလည်း မသိဘူး။ ရွာမှာက ဘာမှတိုက်ပွဲလည်း မရှိဘူး။ အမျိုးသားတစ်ယောက်က ပွဲချင်းပြီး သေဆုံးသွားတယ်။ ကျန်တဲ့ရွာသားတွေကလည်း အထိတ်တလန့်ဖြစ်ပြီး ကြောက်နေကြတယ်” လို့ ၎င်းက ပြောပါတယ်။

 

အဲဒီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာ ဘုန်းတော်ကြီးကျောင်းနဲ့ အရပ်သားနေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

 

အလားတူ မင်းတပ်အခြေစိုက် စစ်ကောင်စီတပ်ရင်းကလည်း ယမန်နေ့ညနေ ၆ နာရီခန့်မှ ည ၈ နာရီကြား မင်းတပ်မြို့ နောက်ဘက်ခြမ်း တိုက်နယ် ၂၊ ၃၊ မင်းတပ်-ယောအစပ် နေရာတချို့တို့ကိုလည်း လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ အဲဒီဒေသခံများထံမှ သိရပါတယ်။

 

စစ်ကောင်စီက ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့ မနက်အစောပိုင်းကလည်း ကျောက်ထုအခြေစိုက် အမြောက်တပ်မှ မင်းတပ်မြို့နယ် ထင်းချောင်းရွာကို လက်နက်ကြီးကျည် ခုနစ်လုံးထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်လို့ ပျက်စီးသွားတဲ့ မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းကို တွေ့ရစဥ်